မတရား ဖမ်းဆီးခံအားလုံးကို ပြန်လွှတ်ပေးဖို့ထပ် တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော

၁၆၊ နိုဝင်ဘာလ၊ ၂၀၂၁။

မတရား ဖမ်းဆီးခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ထပ် တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကအမေရိကန်သတင်းသမား Danny Fenster လွတ်မြောက်လာတဲ့နဲ့ပတ်သက်ပြီး ဒေသစံတော်ချိန် နိုဝင်ဘာ၁၅ရက်နေ့၊ကြေညာချက်ထုတ်ပြန်ရာမှာ အဲဒီလို တောင်းဆိုခဲ့ခြင်းဖြစ်ပြီး သူလွတ်မြောက်လာတာကိုကြိုဆိုတယ်လို့လည်း ဆိုပါတယ်။

Danny Fenster ကို အကြမ်းဖက်စစ်အုပ်စုတရားရုံးကနိုဝင်ဘာ၁၂ရက်မှာ ထောင်ဒဏ်၁၁နှစ် ချမှတ်ပြီး ၃ရက် အကြာ မှာ လွတ်ငြိမ်း ခွင့်နဲ့ ပြည်နှင်ဒဏ်ပေးလိုက်တာပါ။

Danny Fenster ဟာ အင်းစိန်ထောင်ထဲမှာ ၁၇၆ရက်ကြာ ဖမ်းဆီးခံခဲ့ရပြီး အကြောင်းမဲ့သက်သက် အဖမ်းခံရတာ လို့ သူကပြောပါတယ်။

‘မင်းအောင်လှိုင်က အမေရိကန်လည်းဂရုမစိုက်ဘူးဆိုတဲ့ အပေါက်မျိုးနဲ့ လက်သီးလက်မောင်း တန်းပြီး ထောင်၁၁နှစ်ချပြီးတော့မှ ချက်ချင်းပဲ ကျွန်တော်တို့မှားပါတယ် ပြန်လုပ်တာ။’လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦးကပြောပါတယ်။

Danny Fenster ကို ပြန်လွှတ်ပေးတာဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ် ဖြစ်ပေမယ့်လည်း ဖမ်းဆီးခံထားရဆဲ သတင်းသမား အားလုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂကလည်း တောင်းဆိုလိုက်ပါတယ်။

အမျိုးသမီး၇ဦးအပါအဝင် ဖမ်းဆီးခံသတင်းထောက် အနည်းဆုံး ၄၇ဦးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ၁၅ ရက်နေ့၊ကုလဌာနချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Danny Fenster ကလည်းအကျဉ်းကျခံနေရဆဲ ဖြစ်တဲ့ သတင်းသမားတွေ လွတ်မြောက်ရေး အတွက် ဆက်လက် ကြိုးစားသွားမယ်လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းပြုချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေနိုဝင်ဘာလ ၁၅ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၇၂၉၁) ဦးရှိပြီး အဲဒီထဲက (၂၈၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။