လီဗာပူးထက် အာဆင်နယ်ဆီကိုသာ အဆန်ဆီယို ပြောင်းရွှေ့ကစားသင့်ကြောင်း မက်မနာမန် သုံးသပ်

၁၆၊ နိုဝင်ဘာ၊ ၂၀၂၁။
လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း မက်မနာမန်က ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အဆန်ဆီယိုဟာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် လီဗာပူးထက် အာဆင်နယ်ကို ရွေးချယ်တာက ပိုပြီး သင့်တော်ကောင်းမွန်နိုင်ကြောင်း သုံးသပ်ပြောကြားလိုက်ပါတယ်။
မက်မနာမန်က အာဆင်နယ်ဆီမှာ လာကာဇက်နဲ့ အော်ဘာမီယန်တို့ အသက်အရွယ်ရလာပြီဖြစ်တဲ့အတွက် အဆန်ဆီယိုသာ ရောက်လာခဲ့ရင် နေရာတစ်ခုရဖို့ သေချာနေကြောင်းလည်း အသိပေးသွားခဲ့ပါတယ်။
နည်းပြ အန်စလော့တီရဲ့လက်အောက်မှာ နေရာပေးခံရမှု လျော့နည်းလာတဲ့အတွက် အဆန်ဆီယိုက ရီးရဲလ်မက်ဒရစ်ကို စွန့်စွာဖို့ အလေးအနက်ထား စဉ်းစားတာတွေ ရှိနေပြီး လက်ရှိမှာ အဆန်ဆီယိုနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၁၈ လသာ ကျန်ရှိပါတော့တယ်။
“တကယ်လို့များ နောက်နှစ်မှာ အဆန်ဆီယို အသင်းပြောင်းဖြစ်ခဲ့မယ်ဆိုရင် အာဆင်နယ်ဆီပဲ ဖြစ်စေချင်ပါတယ်။ သုံးဆယ်အရွယ်ထဲ ဝင်လာပြီဖြစ်တဲ့ အော်ဘာမီယန်က ကစားသမားဘဝ သက်တမ်းကုန်ဆုံးဖို့ နီးကပ်လာပါပြီ။ လာကာဇက်ကလည်း အဲ့ဒီလို အနေအထားမျိုးပါပဲ။ စာချုပ်သက်တမ်းကုန်ဆုံးဖို့ကလည်း နီးစပ်နေပါပြီ။ ဒီတော့ အာဆင်နယ်ဟာ အဆန်ဆီယိုအတွက် ပျော်ရွှင်မှုအပြည့်နဲ့ ပွဲကစားခွင့်ရနိုင်မယ့်အသင်းမျိုးဖြစ်နေပါတယ်။
အဆန်ဆီယိုဟာ အိုဒီဂတ်ဒ်လို ကစားသမားမျိုးပါ။ ဘောလုံးကို ထိန်းပြီး ပိုင်ပိုင်နိုင်နိုင် ကစားနိုင်တဲ့သူမျိုးဖြစ်ပါတယ်။ သူ့အတွက် လျင်မြန်မှုက အရေးမကြီးလှပါဘူး။ သူက အလှည့်အပြောင်းတွေ ဖန်တီးပေးနိုင်၊ ဂိုးတွေသွင်းနိုင်၊ အခွင့်အရေးတွေ ဖန်တီးပေးနိုင်တဲ့ ကစားသမားမျိုးပါ”လို့ အဆန်ဆီယိုနဲ့ ပတ်သက်ပြီး မက်မနာမန်က ပြောကြားသွားခဲ့ပါတယ်။
လက်ရှိမှာ အဆန်ဆီယိုကို ခေါ်ယူဖို့အတွက် လီဗာပူးနဲ့ အာဆင်နယ်တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေပြီး အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းကလည်း အဆန်ဆီယိုကိုခေါ်ယူဖို့ ချိတ်ဆက်တာတွေ ရှိခဲ့ဖူးပါတယ်။