ဘုန်းကြီးကျောင်းမှာစုထားတဲ့ ရွာအပိုင်ရိက္ခာကို အကြမ်းဖက်စစ်တပ် လုယက်

၁၅၊ နိုဝင်ဘာလ၊ ၂၀၂၁။

ပုလဲမြို့နယ်၊နဂါးမတောင်ရွာ ဘုန်းကြီးကျောင်းမှာစုဆောင်းထားတဲ့ရွာအပိုင် ဆန်နဲ့ဆီတို့ကို အကြမ်းဖက်စစ်တပ် ကလာရောက်လုယက်သွားတယ်လို့သိရပါတယ်။

ယမန်နေ့မနက်၉နာရီကျော်လောက်မှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရောက်လာပြီး ဆန်တင်း၃၀၊စားဆီပိဿ၃၀နဲ့ တခြားစားစရာတွေကို လာလုယက်သွားတယ်လို့ ဒေသခံပြောက်ကျားရဲဘော်တစ်ဦးကပြောပါတယ်။

‘ကျွန်တော်တို့ပုလဲမြေပြန့်ရွာတွေက နဂါးမတောင်ရွာကိုလှူထားတဲ့ပစ္စည်းတွေပါ။ရွာသားတွေက ရွာမှာမနေရဲလို့ ထွက်ပြေးနေရတာဆိုတော့ ဘုန်းကြီးကျောင်းမှာ ရွာအပိုင်ပစ္စည်းတွေထားခဲ့တာ။’လို့သူကပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အကြောင်းပြချက်လုံးဝမရှိဘဲ သိမ်းဆည်းသွားတာဖြစ်ပြီး သုံးဘီးဆိုင်ကယ် နဲ့ရွာပိုင်ရိ က္ခာကိုတင်သွားကြတယ်လို့သိရပါတယ်။

နဂါးမတောင်ရွာနဲ့အနီးဝန်းကျင်ရွာတို့ဟာ မကြာခဏဆိုသလိုရွာမှာမနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ပုလဲမြို့နယ်၊မြေပြန့်ပိုင်းရွာတွေက သူတို့တတ်နိုင်သလောက် လှူဒါန်းခဲ့ကြတာပါ။

နဂါးမတောင်ရွာမှာ အိမ်ခြေ၅၀ကျော်ရှိပြီး ရွာအနီးက နဂါးမတောင်မှာ အကြမ်းဖက်စစ်တပ်က စခန်းချနေတာ ကြောင့် ရွာမှာမနေဘဲ တိမ်းရှောင်နေတာ ရက်၂၀ကျော်ကြာခဲ့ပြီလို့သိရပါတယ်။

‘တချို့လည်း တောထဲမှာနေတယ်။တချို့လည်း ယာထဲက တဲမှာပြောင်းနေကြတယ်’လို့ သူကဆက်ပြောပါတယ်။