မြန်မာမှာ လူနည်းစုတွေ ပစ်မှတ်ထားခံနေရတယ်လို့ ကုလအတွင်းရေးမှူးချုပ်ပြော

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ လူနည်းစုတွေ ပစ်မှတ်ထားခံနေရပြီး ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အဓမ္မမောင်းထုတ်ခံရမှုတွေ ကြုံနေရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ နိုဝင်ဘာ၉ရက်နေ့က ကျင်းပတဲ့ နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ဆိုင်ရာ အဆင့်မြင့် တာဝန်ရှိသူများ ဆွေးနွေးပွဲ မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterresက မြန်မာနိုင်ငံ နဲ့ပတ်သက်ပြီး အဲဒီလိုပြောကြားခဲ့တာပါ။

ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ကုလသမဂ္ဂ ရဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ရှုမြင်ပုံကိုကြိုဆိုပေမဲ့ လက်တွေ့ကျတဲ့ထိရောက်မှုအားနည်းလွန်းတာကြောင့် မြန်မာပြည်သူတို့ စိတ်ပျက်နေ ရတာကိုလည်း သဘောပေါက်သင့်တယ်လို့ ဆိုပါတယ်။

လက်ရှိ ပေါ်ပေါက်နေတဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အခြေအနေတွေဟာ လုံခြုံရေး ကောင်စီ အနေနဲ့ ပဋိပက္ခရဲ့ အရင်းခံ အကြောင်းရင်းကို ထိထိရောက်ရောက် မဖြေရှင်းတာကို ပြသနေတယ်လို့လည်း လုံခြုံရေး ကောင်စီရဲ့ အလှည့်ကျ ဥက္ကဌ ကုလသမဂ္ဂ ဆိုင်ရာ မက္ကဆီကို သံအမတ်ကြီး Juan Ramon de la Fuente က အစည်းအဝေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ပေးပို့တဲ့ စာမှာ ဖော်ပြထားတယ်လို့ VOA ကဖော်ပြပါတယ်။

ယမန်နေ့ကကျင်းပတဲ့ အာဆီယံ- သြစတြေးလျ ဆွေးနွေးပွဲ မှာလည်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Marise Payne က စစ်အုပ်စုအနေနဲ့ အရပ်သားတွေကို ပစ်ခတ်နေတာတွေ ရပ်ဆိုင်းဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ကို အနှစ်သာရ ရှိရှိ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။