စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေ ဝယ်စျေး၊ရောင်းစျေးနှုန်းကွာခြားချက်ကို ပြန်လည်သတ်မှတ်

၁၀၊ ‌‌‌‌‌‌နိုဝင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေ ရောင်းချမှုနဲ့ လဲလှယ်မှုတွေမှာ ဝယ်စျေး၊ရောင်းစျေးနှုန်း ကွာခြားချက်ကို ၀ ဒဿမ ၅ ရာခိုင်နှုန်းအတွင်းမှာသာ သတ်မှတ်ဆောင်ရွက် ရမယ်ဆိုတဲ့ ညွှန်ကြားချက်တစ်စောင်ကို နိုဝင်ဘာလ ၉ရက်နေ့မှာ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

ညွှန်ကြားချက်တွေဟာ နိုဝင်ဘာလ ၁ဝရက်နေ့ ဒီကနေ့မှာ စတင်အသက်ဝင်မယ်လို့ သတ်မှတ်အပြီးမှာ လိုင်စင်ရဘဏ်တွေနဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ စာရွက်ပေါ်စျေးနှုန်းတွေအရ ဒေါ်လာစျေးနှုန်းတွေဟာ တစ်ဒေါ်လာကို ၁၇၈၀ကျပ်အထိ စျေးနှုန်းကျဆင်းသွားခဲ့ပြီး လက်တွေ့မှာ အရောင်းအဝယ် မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

“အဲ့လူတွေ ရူးနေပြီ၊ ကိုယ်တွေလဲ အရူးလင်လုပ်နေရသလိုပဲ၊ CBM Reference Rateကို သူတို့ပဲ ဖျက်လိုက် သူတို့ပဲ အသက်သွင်းလိုက် သူတို့ပဲ ပြန်ဖျက်လိုက်နဲ့ ဘာကောင်တွေမှန်းကိုမသိတော့ဘူး၊ အခုစျေးကျတယ်လို့ သူတို့လုပ်ပြတာက မဖြစ်မနေ ပို့ကုန်သမားတွေက ဒေါ်လာပြန်သွင်းရတော့မဲ့အချိန်မှာ လုပ်ပြတာ၊ နောက်တစ်ခါအတွက် သူတို့ကို ဘယ်လို့ယုံရမှာလဲ အခု အပြင်မှာလုံးဝကို ဒေါ်လာအရောင်းအဝယ်မရှိတော့ဘူး ရပ်လိုက်ကြပြီ၊ သူတို့သတ်မှတ်တယ်ဆိုတဲ့နေရာတွေမှာရော ဒေါ်လာရောင်းပေးလားဆို သတ်မှတ်ချက်ကုန်ပြီပဲ အကုန်ပြောနေတာ အဝယ်ဆိုရင်တော့ လာထားပဲ၊ တကယ့်အရူးတွေ၊ အကုန်လုံး အလုပ်တွေရပ်လိုက်ကြတော့မဲ့ အနေအထားရှိတယ်”လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျပ်သိန်း ၂၀၀ထက်ပိုတဲ့ အရောင်းအဝယ်တွေမှာ ငွေသားသက်သက်ပေးချေမှုကို သိန်း၂၀၀ကျပ်အထိသာ ပေးချေစေပြီး လိုအပ်တဲ့ ပေးချေမှုကို ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေ အကောင့်ပြောင်းလဲပေးချေမှုတွေကို လုပ်ဆောင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေအရ အိမ်ခြံမြေနဲ့ တိုက်ခန်း၊ မော်တော်ယာဉ်အရောင်းအဝယ် အားလုံးဟာလည်း ရပ်တန့်နေတယ်လို့ သိရပါတယ်။