ရှမ်းဒေသ စစ်ပြေးဒုက္ခသည် တစ်သောင်းခွဲကျော် တစ်နှစ်ပြည့်တော့မယ့်အချိန်ထိ ယာယီစခန်းတွေမှာ ခိုလှုံနေရဆဲ

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

အခုနှစ်အစပိုင်းကတည်းက အိုးအိမ်စွန့်ထွက်ပြေးခဲ့ရတဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ပြေးဒုက္ခသည် တစ် သောင်းခွဲကျော်ဟာ ဒီနေ့အထိ ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်နေရဆဲဖြစ်တယ်လို့ UNOCHA က ဆိုပါတယ်။

၂၀၂၁ ခုနှစ် အစပိုင်းကတည်းက ရှမ်းပြည်နယ်အတွင်း မြို့နယ်ပေါင်း ၁၇ ခုမှာ လူပေါင်း ၄၆,၇၃၀ လောက်ဟာ ပဋိပက္ခနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြရပြီး အဲဒီထဲက ၁၅,၃၃၀ လောက်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းရှိ မြို့နယ် ၉ ခုက ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်နေရတယ်လို့ UNOCHA Myanmar က ဒီကနေ့ထုတ်ပြန်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အကြမ်းဖက်စစ်အုပ်စုအကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရမှုနဲ့ လုံခြုံရေးအခြေအနေ ကောင်းမွန်လာတဲ့အတွက် ဒုက္ခသည်တွေမူလနေထိုင်ရာ နေရာတွေကို  ပြန်လာမှုတွေကို ဆက်လက်မြင်တွေ့နေရတယ်လို့လည်းသိရပါတယ်။

သီပေါမြို့နယ်အတွင်း ကျေးရွာ ၂ ခုက လူပေါင်း ၃၂၀ လောက်ဟာ အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်ကို နိုဝင်ဘာ ၇ ရက်နေ့က ထပ်မံတိုက်ပွဲရှောင်ထွက်ပြေးခဲ့ကြရပါတယ်။

ကျောက်မဲမြို့မှာလည်း စိုးရိမ်ဖွယ် လုံခြုံရေးအခြေအနေကြောင့် ဩဂုတ်လ ၁၁ ရက်နေ့မှာ နေရပ်စွန့်ခွာထွက်ပြေးလာရသူ ၁,၅၆၀ လောက်ဟာ လုံခြုံတဲ့ နေရာ ၄ ခုကို  နိုဝင်ဘာ ၁ ရက်ကနေ၄ ရက်နေ့အတွင်း ပြောင်းရွှေ့လာခဲ့ပါတယ်။

 စက်တင်ဘာလ ၁၆ ရက်နေ့က မိုင်းကိုင်မြို့နယ် ပန်းကေတုရွာမှာ တိုက်ပွဲရှောင်နေသူဦးရေ ၂၀၀ လောက်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲမှာ လုံခြုံရေးအခြေအနေတိုးတက်လာလို့ သူတို့နေထိုင်ရာ နေရာတွေဆီ ပြန်ခဲ့ကြတယ် လို့ UNOCHA Myanmar ကဆိုပါတယ်။

လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်ကြသူ မိတ်ဖက်တွေဟာ အကူအညီလိုအပ်နေသူတွေကို အစားအစာ၊ အိုးခွက်ပစ္စည်း၊ တကိုယ်ရေသုံးပစ္စည်း၊ ကိုဗစ်ကာကွယ်ရေးပစ္စည်းနဲ့ အကာအကွယ်ပေးရေးဝန်ဆောင်မှုတွေ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။