၈၊ နိုဝင်ဘာလ၊ ၂၀၂၁။
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ငယ်ကို အမည်မသိ သေနတ်သမားအဖွဲ့က လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၈ရက်နေ့ မွန်းလွဲ ၂နာရီ ၁၅မိနစ်ခန့်မှာ ဆိုင်ကယ်တစ်စီးနဲ့ ရွာတွင်းထွက်လာတဲ့ ဦးမောင်ငယ်ကို သေနတ်နဲ့ သုံးချက်ပစ်ခတ်သွားတာလို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာအတွင်း ရောက်ရှိလာကာ စစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
စဉ့်ကူးမြို့နယ်မှာ နိုဝင်ဘာလ ၇ရက်နေ့က ဟင်္သာမကျေးရွာ အုပ်ချုပ်ရေးမှူးလည်း သေနတ်နဲ့ အပစ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။ ဟင်္သာမကျေးရွာ ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက ဟင်္သာမကျေးရွာကို ရောက်ရှိလာပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို အကြောင်းမဲ့ဖျက်ဆီး မီးရှို့တာ စက်လှေတစ်စီးနဲ့ အဖိုးတန်ပစ္စည်းတွေကို လုယက်သိမ်းဆည်းသွားတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ကျည်တောက်ပေါက်ကျေးရွာက လူငယ်တွေကလည်း ကြိုတင်ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။