၂၆၊ အောက်တိုဘာ၊ ၂၀၂၁။
ချယ်လ်ဆီးအသင်းဟာ စာချုပ်သက်တမ်း နှစ်လသာ ကျန်ရှိတော့တဲ့ နောက်ခံလူ ခရစ္စတင်းဆင်ကို စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးနေပေမယ့် အောင်မြင်မှု မရရှိသေးဘူးလို့ သိရပါတယ်။
ခရစ္စတင်းဆင်ဟာ နည်းပြ တူချယ်လ်လက်ထက်မှာ အရင်ကထက် ပိုမို နေရာပေးခံလာရပြီး ချယ်လ်ဆီးဘက်က စာချုပ်သစ်အတွက် စကားပြောဆိုတာတွေရှိပေမယ့် အခုအချိန်ထိ အပြီးသတ်သဘောတူညီမှု မရနိုင်သေးဘူးလို့ သတင်းတွေက ဖော်ပြခဲ့တာပါ။
လက်ရှိအချိန်ထိ ချယ်လ်ဆီးဘက်က စာချုပ်သစ်အတွက် ဆက်လက် စကားပြောဆိုတာတွေ မရှိသေးတာကြောင့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စာချုပ်သစ် အထမြောက် အသက်ဝင်မလာခဲ့ရင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ခရစ္စတင်းဆင်က ဗြိတိန်ပြင်ပ နိုင်ငံခြားကလပ်တွေနဲ့ တရားဝင်ဆွေးနွေးခွင့်ရသွားတော့မှာပဲဖြစ်ပါတယ်။
နည်းပြ တူချယ်လ်ဟာ ခရစ္စတင်းဆင်ကို ချယ်လ်ဆီးမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိပေမယ့် ကစားသမားဖြစ်သူဘက်က ထိပ်တန်းအဆင့် လစာအကျိုးခံစားခွင့်တစ်ရပ်ကို တောင်းဆိုနေလို့ ချယ်လ်ဆီးအသင်း ဒါရိုက်တာဘုတ်အဖွဲ့ဘက်က ပြန်လည်သုံးသပ်နေတာပဲဖြစ်ပါတယ်။
ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ ခရစ္စတင်းဆင်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး အလွတ်ပြောင်းရွှေ့ကြေးမျိုးနဲ့ရနိုင်မယ့် အခွင့်အရေးသာရှိလာခဲ့ရင် ခရစ္စတင်းဆင်ကိုခေါ်ယူဖို့ ဘာစီလိုနာဘက်က ခြေသွက်လက်သွက် လှုပ်ရှားလာနိုင်ဖွယ်ရှိကြောင်း စပိန်သတင်းရင်းမြစ်တွေက သုံးသပ်ရေးသားနေကြပါတယ်။