မြောင်းမြထောင်အတွင်း မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

၂၆၊ အောက်တိုဘာလ၊၂၀၂၁။

ဧရာဝတီတိုင်း မြောင်းမြမြို့ မြောင်းမြအကျဉ်းထောင်အတွင်းမှာ ပုဒ်မ ၅၀၅-ကနဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးအင်ဟုတ်ဟာ ဒီကနေ့ မနက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။

ဇွန်လ ၃ရက်နေ့မှာ စတင်ဖမ်းဆီးခံထားရတဲ့ ဦးအင်ဟုတ် အသက် (၆၈)နှစ်ဟာ ထောင်အတွင်းမှာ လုံလောက်တဲ့ ဆေးဝါးကုသမှုမရရှိဘဲ ထောင်ကနေ မြောင်းမြဆေးရုံကို ပို့ဆောင်စဉ်မှာ အခုလို သေဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။

“၅၀၅နဲ့ပဲမို့ ပြန်လွတ်မယ်လို့ မျှော်နေကြတာ မိသားစုက၊ ဘာလို့ မလွှတ်လဲ မသိဘူး၊ ထောင်ထဲမှာ မူးလဲလို့ဆေးရုံကိုအပို့မှာ ဆုံးသွားတာ၊ ဆေးရုံရောက်တာနဲ့ ရင်ခွဲရုံကို တန်းပို့လိုက်တယ်၊ လိုအပ်တဲ့ ဆေးဝါးကုသမှု မရရှိခဲ့တာ သေချာတယ်”လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

မြောင်းမြမြို့မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ ဆရာတော်တစ်ပါးအပြင် ပရဟိတသမားများစွာကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။