
“မိုးကလည်း တော်တော်ကောင်း နေတယ်ဗျ။ ဇလွန်ဘက်မှာလည်း တာတွေစိုးရိမ်ရတော့ ဒီဘက်ပါ ရေကြီးလာမှာ ကြောက်ရတယ်”
၁၆၊ ဩဂုတ်။
ဧရာ၀တီမြစ်ရဲ့ မြစ်လက်တက် တိုးမြစ်ရေဟာ ဆက်တိုက်တက်နေပြီး စိုးရိမ်ရေမှတ်ရောက်ဖို့ ၅ စင်တီမီတာ (၂ လက်မ)လောက်သာ လိုတော့ပြီး နောက်တရက်အတွင်း စိုးရိမ်ရေမှတ်ထက် ကျော်သွားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒီနေ့ ဩဂုတ်လ ၁၆ ရက် မနက် ၆ နာရီခွဲ တိုင်းထွာချက်ကို ထုတ်ပြန်ထားပါတယ်။
အဲဒီလို မြစ်ရေမြင့်တက်လာတာကြောင့် မအူပင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အနေနဲ့ ကြိုတင်သတိပြုဖို့နဲ့ မြစ်ရေပိုမိုမြင့်တက်လာရင် အချိန်မီ ရှောင်ရှားနိုင်ဖို့လည်း သတိပေးထားပါတယ်။
“မိုးကလည်း တော်တော်ကောင်း နေတယ်ဗျ။ ဇလွန်ဘက်မှာလည်း တာတွေစိုးရိမ်ရတော့ ဒီဘက်ပါ ရေကြီးလာမှာ ကြောက်ရတယ်” လို့ မအူပင်ဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာလည်း မအူပင်မြို့နယ်အတွင်းက မြစ်ကမ်းဘေး ကျေးရွာအချို့မှာ ရေအမြင့် တပေကျော်လောက် တက်နေပြီဖြစ်ပြီး စာသင်ကျောင်းတွေ ပိတ်ထားရပြီး မြစ်ရေလည်း ဆက်တက်နေသလို မိုးဆက်ရွာနေမယ်ဆိုရင်တော့ လူတွေပါ ရွှေ့ပြေင်းရနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မအူပင်မြို့နယ် ပရိုက်၊ တမလို၊ သာယာကုန်းစတဲ့ ကျေးရွာတွေမှာ ရေစတက်နေတာလို့ သိရပါတယ်။
မအူပင်မြို့ရဲ့ တိုးမြစ်ရေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ပထမပတ်ကတည်းက ဆက်တိုက် တိုးလာခဲ့တာ ဖြစ်ပါတယ်။ မအူပင်မြို့နားက ဖြတ်သန်းစီးဆင်းနေတဲ့ တိုးမြစ်ဟာ ဧရာ၀တီမြစ်ရဲ့ မြစ်လက်တက်ဖြစ်ပြီး ဒေးဒရဲမြို့ကို ဖြတ်ကာ ပင်လယ်ပြင်ထဲ စီးဝင်သွားတဲ့မြစ်ကြီးတခုဖြစ်ပါတယ်။
လက်ရှိမှာ ဧရာ၀တီ မြစ်ကမ်းဘေးရှိ ဇလွန်၊ ဟင်္သာတ၊ မြန်အောင်မြို့တို့ရဲ့ မြစ်ရေဟာလည်း စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီဖြစ်ပြီး မြစ်ကမ်းပါးတွေ ပြိုကျနေကာ မြစ်ထိန်းရေကာတာတွေ ကျိုးပေါက်နိုင်တဲ့အခြေအနေနဲ့ ကြုံ နေရတာကြောင့် စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။
ဧရာ၀တီတိုင်းအတွင်း ငဝန်မြစ်တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ညမှာ လေးမျက်နှာမြို့တည့်တည့် နေရာက ကျိုးသွားခဲ့ပြီး လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ရေကြည်၊ ငသိုင်းချောင်မြို့နယ်တွေထိ ရေဝင်ရောက်ကာ ပြည်သူ သောင်းချီ ရေဘေးသင့်နေပါတယ်။
တာကျိုးသွားတဲ့ ငဝန်မြစ်ရေဟာ ငသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်ရောက်နေပြီး နောက်တရက်အတွင်း ၁၀ စင်တီမီတာ(၄ လက်မ)လောက် ထပ်တိုးကာ စိုးရိမ်ရေမှတ် အထက်မှာ ရှိနေနိုင်တယ်လို့ မိုးဇလ ဒီနေ့မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်ကို ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ငဝန်မြစ် တာကျိုးပေါက်ကနေ အရှိန်ပြင်းပြင်းနဲ့ ရေဝင်နေပြီး လေးမျက်နှာ၊ အိုင်သပြု၊ ရေကြည်၊ ငသိုင်း ချောင်းတို့မှာ ရေဆက်တက်နေကာ ငသိုင်းချောင်းမြို့ပေါ်က ရေဘေးရှောင် စခန်းအချို့ ရွေ့ပြောင်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ငါးသိုင်းချောင်းမြို့ ရွှေဘိုရပ်ကွက် တိုးချဲ့ဆိုတဲ့ အရပ်ဟာ ယာယီကယ်ဆယ်ရေး စခန်းတွေတောင် ရွှေ့ကြရတဲ့ အနေအထားကို ရောက်လာပါပြီ။ ရေကတက်ချည်းပဲနေလို့ ဘုန်းကြီးကျောင်း အောက်ထပ်မှာ နေထိုင်သူတွေ ပြောင်းသူပြောင်း နေရပါပြီ” လို့ ငသိုင်းချောင်းမြို့ခံတဦးက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းက ဧရာ၀တီမြစ်၊ ငဝန်မြစ်၊ တိုးမြစ်တို့အပြင် ဒါးကမြစ်ရေဟာလည်း မြင့်တက်လာတာ ကြောင့် ကျောင်းကုန်းမြို့ပေါ်က ရပ်ကွက်အချို့နဲ့ စိုက်ပျိုးပြီးသား လယ်ယာမြေတွေ ရေစတင်နစ်မြုပ်နေပြီဖြစ် တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
လက်ရှိမှာ လေးမျက်နှာမြို့နယ်အတွင်းက ကျိုးကျသွားတဲ့ ငဝန်မြစ်တာဘောင်ကို စစ်အစိုးရက ပိတ်ဖို့ကြိုးစားနေ ပြီး နှစ်ပတ်ကျော်ကြာတဲ့အထိ တာပေါက်မပိတ်နိုင်သေးဘဲ ရေဆက်တက်နေချိန် အခြားမြို့နယ်တွေမှာပါ ရေကြီး မယ့် အခြေအနေနဲ့ ကြုံနေရတာဖြစ်ပါတယ်။
#ဧရာဝတီတိုင်း #မအူပင် #တိုးမြစ် #မြစ်ရေ
#DeltaNewsAgency #DNA
#ဧရာဝတီတိုင်း #ပဲခူး #ရန်ကုန်