
ရန်ကုန်မြို့က စျေးတွေမှာ ဝက်သားဆိုင် အများစု ဝယ်သူမရှိပဲ ဖြစ်နေပြီး အရင်က တပိဿာ ကျပ် ၃၅,၀၀၀ လောက်ရှိတာကို ၂၀,၀၀၀ ကျပ်လောက်အထိ ဈေးကျသွားပါတယ်။
၁၃၊ဩဂုတ်
ရန်ကုန်မြို့ လသာမြို့နယ်နဲ့ ဆက်စပ်ဧရိယာတွေမှာ ဝမ်းပျက်၊ဝမ်းလျှော ရောဂါပြန့်နှံ့လာတာဟာ ရောဂါနဲ့ သေတဲ့ဝက်သားတွေကြောင့် ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း ဈေးကွက်အတွင်းမှာ ဝက်သားစားသူ နည်းသွားသလို ဈေးတွေလည်း ကျသွားပါတယ်။
“ကြောက်ပြီး မဝယ်ကြတော့တဲ့သူတွေ များတယ်။ သတင်းရုတ်တရက် ထွက်လာတာဆိုတော့ ကိုယ်တွေက ယူနေကြအတိုင်း ယူထားပြီး ဖြစ်နေပြီလေ။ ရောင်းမကုန်ရင် အရင်းပါထိမှာ ” လို့ သင်္ဃန်းကျွန်း၊စံပြစျေးမှ ဝက်သားသည်တဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာ ဝမ်းပျက်၊ဝမ်းလျှောဖြစ်သူ များလာတာနဲ့ တပြိုင်တည်း အာဖရိက ဝက်တုပ်ကွေး(AFrican Swine Fever – ASF) ကြောင့် ဝက်မွေးမြူရေးခြံတွေမှာ ဝက်တွေ အစုလိုက်အပြုံလိုက် သေဆုံးတာတွေ ရှိနေကာ ရောဂါနဲ့ သေဆုံးတဲ့ ဝက်သားစားမိတာကနေ ဝမ်းရောဂါ ဖြစ်ရတာဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ ဝမ်းပျက်၊ဝမ်းလျှောရောဂါ အဖြစ်များနေလို့ စိုးရိမ်ထိတ်လန့်နေကြတဲ့ အချိန်မှာ အခုလို သတင်းထွက်လာတဲ့အတွက် ဝယ်သားဝယ်သူ နည်းသွားပြီး ရောင်းအား သိသိသာသာ ကျခဲ့တာကြောင့် ရသလောက်စျေးနဲ့ ထိုးရောင်းနေရတယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။
ရန်ကုန်မြို့က စျေးတွေမှာ ဝက်သားဆိုင် အများစု ဝယ်သူမရှိပဲ ဖြစ်နေပြီး အရင်က တပိဿာ ကျပ် ၃၅,၀၀၀ လောက်ရှိတာကို ၂၀,၀၀၀ ကျပ်လောက်အထိ ဈေးကျသွားပါတယ်။
အာဖရိက ဝက်တုပ်ကွေးကြောင့် ဝက်ခြံတွေမှာ ဝက်သေဆုံးတဲ့ ဖြစ်ရပ်က လအတော်ကြာကတည်းက ရှိနေတာဖြစ်ပြီး အခု ဝမ်းပျက်၊ဝမ်းလျှော အဖြစ်များလာတော့မှ အချိန်ကိုက်သတင်းထွက်လာတာ ဖြစ်ပါတယ်။
လက်ရှိ ဝမ်းပျက်၊ဝမ်းလျှော ဖြစ်သူတွေထဲမှာ ဝက်သားစားမိခဲ့တာကြောင့်လို့ ပြောသူတွေ ရှိသလို ဝက်သားမစားပဲ ဖြစ်ရတဲ့ သူတွေလည်း ရှိတယ်ဆိုပြီး ပြည်သူတွေကြားမှာ ပြောဆိုနေကြပါတယ်။
အခု ဖြစ်နေတဲ့ ဝမ်းပျက်၊ဝမ်းလျှော ရောဂါနဲ့ ပတ်သက်ပြီး ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ အာဖရိက ဝက်တုပ်ကွေးနဲ့ ဆက်စပ်မှုရှိ မရှိကို ကျန်းမာရေးဌာနက အတည်ပြု ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ဒါပေမယ့် ရောဂါဖြစ်ပွားမှု များတဲ့မြို့နယ်တွေမှာ လမ်းဘေးအစားသောက် ရောင်းချတဲ့ဆိုင်တွေကို ပိတ်ခိုင်းထားပြီး ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ လုပ်နေတယ်လို့တော့ အသိပေးထားပါတယ်။
#ရန်ကုန် #ဝမ်းရောဂါ #ဝက်သား #ဈေးကျ
#DeltaNewsAgency #DNA