
“တာကျိုးမယ့် နေ့မှာတောင်မှ အိုင်သပြုက လယ်သမားတယောက်ဆို ၁၀ သိန်းဖိုးလောက် ဓါတ်မြေဩဇာ ကြဲထားတာ။ အဲဒီ ၁၀ သိန်းဖိုးက ရေလဲ တက်လာရော ကုန်ရောပေါ့။ လယ်သမားတွေမှာ ဆုံးရှုံးမှုတွေ အများကြီးပဲ ရှိပါတယ်။ ဆုံးရှုံးပြီးတော့ ဘာမှ ပြန်မရတဲ့ အခါကျတော့ လယ်သမားတွေ အရမ်းဘဲ ထိခိုက်နစ်နာ မှာပေါ့”
၁၀၊ ဩဂုတ်။
ဧရာ၀တီတိုင်း လေးမျက်နှာမြို့ အနီးက ငဝန်မြစ် တာဘောင်ကျိုးကျမှုကြောင့် လေးမျက်နှာ၊ ဟင်္သာတ၊ ရေ ကြည်၊ ကျုံပျော်မြို့နယ်တို့အတွင်း ရေကြီးနေပြီး စိုက်ပျိုးပြီးသား စပါးခင်းဧက သုံးသောင်းကျော်လောက်ဟာ ရေနစ်မြုပ် ပျက်စီးနေတယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေနဲ့ ဒေသခံလယ်သမားတွေက ပြောကြပါတယ်။
ဟင်္သာတ ဒေသခံ လယ်သမားအရေး ဆောင်ရွက်သူတဦးက “ရေမြုပ်နေတာ ဧက သုံးသောင်းကျော်လောက် ရှိနိုင်တယ်။ ခန့်မှန်းပါ။ ကျွန်တော်တို့ မျက်စိတမြင်မှာ ငဝန်မြစ်ရဲ့ အရှေ့ဘက်ခြမ်းပေါ့၊ ရေကာတာရဲ့ အတွင်းဘက်က လယ်တွေ အကုန်လုံး မြုပ်ကုန်တာပဲ။ ဒါတွေအားလုံး ဘယ်လိုမှ ပြန်မကောင်းနိုင်ဘူး” လို့ ပြောပါတယ်။
စစ်အစိုးရကတော့ လေးမျက်နှာမြို့နယ်အတွင်း မိုးစပါးစိုက်ဧက သုံးသောင်းကျော် ရှိတဲ့အထဲက တသောင်းကျော်သာ ရေမြုပ်နေပြီး အဲဒီစပါးခင်းတွေဟာလည်း ၁၄ ရက်အတွင်း ရေပြန်ကျသွားရင် မပျက်စီးနိုင်ကြောင်း၊ ပျက်စီးခဲ့ ရင်တောင် ဆန်စပါးဖူလုံရေးနဲ့ လိုအပ်ချက်တွေ အတွက် စိုးရိမ်ပူပန်စရာ လုံး၀မရှိကြောင်း ဆိုထားပါတယ်။
စစ်အစိုးရရဲ့ အဲဒီပြောဆိုချက်ဟာ လယ်သမားတွေအပေါ် စာနာမှုကင်းမဲ့တဲ့ ပြောဆိုချက်ဖြစ်ပြီး အခုတောင် ရေ ကြီးနေတာ ၁၁ ရက်ရှိသွားပြီ ဖြစ်တာကြောင့် စပါးခင်းတွေအားလုံး ပျက်စီးသွားမှာ ဖြစ်တယ်လို့ လေးမျက်နှာမြို့ နယ် အိုင်သပြုဒေသခံ လယ်သမားတဦးဖြစ်တဲ့ ဦးကျော်(အမည်လွှဲ)က ပြောပါတယ်။
“အဲဒီလို ပြန်ကောင်းမယ်လို့ ပြောတာ ကြားပါတယ်။ အဲဒါ သူတို့မကူညီချင်လို့ ပြောတာပါ။ အခုတောင် ပျက်နေပါပြီ စပါးခင်းတွေ။ တာဘောင်တောင် မပိတ်နိုင်သေးတာ အခုထိ၊ ၁၄ ရက်အတွင်း ရေကျဖို့ဆိုတာလည်း လုံး၀ မဖြစ်နိုင်ဘူး။ ပိတ်ပြီးသွားရင်လည်း ရေကျဖို့ အနည်းဆုံး တလလောက်ကြာအုံးမယ်” လို့ သူက ပြောပါတယ်။
ဒေသခံ လယ်သမားတွေဟာ ချေးငွေတွေရယူပြီး လယ်ယာအတွက် အရင်းအနှီးတွေ အများကြီး သွင်းထားခဲ့ကြတာ ဖြစ်ပြီး ရေဘေးမှာ အနစ်နာဆုံးက လယ်သမားတွေဖြစ်တယ်လို့ ဆိုကြပါတယ်။
“တာကျိုးမယ့် နေ့မှာတောင်မှ အိုင်သပြုက လယ်သမားတယောက်ဆို ၁၀ သိန်းဖိုးလောက် ဓါတ်မြေဩဇာ ကြဲထားတာ။ အဲဒီ ၁၀ သိန်းဖိုးက ရေလဲ တက်လာရော ကုန်ရောပေါ့။ လယ်သမားတွေမှာ ဆုံးရှုံးမှုတွေ အများကြီးပဲ ရှိပါတယ်။ ဆုံးရှုံးပြီးတော့ ဘာမှ ပြန်မရတဲ့ အခါကျတော့ လယ်သမားတွေ အရမ်းဘဲ ထိခိုက်နစ်နာ မှာပေါ့” လို့ ဦးကျော်က ဆက်ပြောပါတယ်။
လက်ရှိ စိုက်ပျိုးထားတဲ့ မိုးစပါးတွေဟာလည်း ရေကျနောက်စိုက် လယ်ယာမြေတွေဖြစ်ပြီး ရေနစ်မြုပ်မှုကို ၁၄ ရက် လောက်အထိ သဘာ၀အတိုင်း ခံနိုင်ရည် ရှိတာကြောင့် အဲဒီကာလအတွင်း ရေပြန်ကျဆင်းသွားခဲ့ရင် စိုက်ခင်းထိ ခိုက်မှုလည်း မရှိနိုင်ဘူးလို့ တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်၊ ပြောဆိုထားတာတာပါ။
ရေဘေးသင့်ခဲ့တဲ့ အစိတ်အပိုင်း အနည်းငယ် အတွက်လည်း ပျိုးပင်နဲ့ သီးနှံအစားထိုး စိုက်ပျိုးနိုင်မယ့် အစီအစဉ်တွေ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ဆိုပြီး မြေပြင်မှာတော့ လယ်သမားတွေဟာ အခုချိန်ထိ အကူအညီ တစုံတရာ မရကြသေးဘူးလို့ ပြောကြပါတယ်။
“လယ်သမားတွေမှာ လယ်က တနှစ်စာ ဝင်ငွေမရရင် သွားပြီ။ အဲဒါ အကြွေးဆက်သွားမှာ။ ရှိတာရောင်းပြီး ပေးကြရမှာ။ လယ်သမား ဆယ်ယောက်မှာ ခုနှစ်ယောက်လောက်က ချေးငှားပြီး လယ်လုပ်ကြတာပါ” လို့ ရေကြည်မြို့ နယ်မှ လယ်သမားတဦးက ပြောပါတယ်။
ငဝန်မြစ်တာဘောင်ကျိုးကျမှုကြောင့် ရေကြီးနေတာဟာ ဒီနေနဲ့ဆိုရင် ၁၁ ရက်ရှိနေပြီး လေးမျက်နှာ၊ အိုင်သပြု အနီးတဝိုက် ရေအနည်းငယ် ပြန်ကျသွားခဲ့ပေမယ့် ရေကြည်၊ ငါးသိုင်းချောင်း မြို့တွေမှာတော့ ရေတက်လာနေပြီး ရေဘေးသင့်ပြည်သူ ထောင်ချီထိ တိုးလာနေပါတယ်။
အခုရေကြီးနေတာဟာ လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်ရာကနေ ထိန်းမနိုင်တဲ့ထိ ကျိုးပေါက်သွားတာကြောင့်ဖြစ်ပါတယ်။ အဲဒီတာဘောင်ဟာ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃နာရီ ကျော်လောက်က စပြီး အလျား ၃၀ ပေ၊ အနံ ၅ ပေလောက် တာဘောင်နိမ့်ဆင်း၊ ရေစိမ့်နေခဲ့တာဖြစ်ကာ အခုအခါမှာတော့ တာဘောင်အပေါက်ဟာ ပေ ၂၉၀ လောက်ထိ ကျယ်သွားခဲ့ပြီဖြစ်ပါတယ်။
အဲဒီတာဘောင်ကို မပိတ်နိုင်သရွေ့ ရေဟာ ကာလရှည်ကြာကြီးနေနိုင်တာကြောင့် အခုရေဘေးကို အစိုးရအနေနဲ့ အထူးစီမံချက်ချမှတ်ကာ ဆောင်ရွက်ဖို့လိုတယ်လို့ ကူညီပေးနေသူတွေက ပြောထားကြပါတယ်။ လက်ရှိမှာ တာ ဘောင်ပေါက်ကို ပိတ်နိုင်ရေး နိုင်ငံတော်အဆင့်အစီအမံနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။