
“အချိန်ပို ဆင်းရလို့ ပိုက်ဆံရတာက ရတာပဲ။ ရတာနဲ့ မကာမိတဲ့ နောက်ဆက်တွဲ ပြဿတွေက တသီကြီး” လို့ ရွှေပြည်သာမြို့နယ်မှ အထည်ချုပ် လုပ်သားတဦးက ပြောပါတယ်။
၂၈၊ဇူလိုင်
ရန်ကုန်မြို့က စက်ရုံအချို့မှာ အလုပ်လိုအပ်ချက်အရဆိုပြီး အချိန်ပို ညလုံးပေါက် ဆင်းခိုင်းတာတွေ ရှိနေပြီး နေ့စဥ်ရက်ဆက် အချိန်ပိုခေါ်နေတာကြောင့် အလုပ်သမားတွေ ကျန်း မာရေး ထိခိုက်လာတယ်လို့ အလုပ်သမားအ ဖွဲ့အစည်းတွေက ပြောပါတယ်။
စက်ရုံအချို့က အထည်အော်ဒါအချိန်မီ ပို့နိုင်အောင်ဆိုတဲ့ အကြောင်းပြပြီး အလုပ်သမားတွေရဲ့ကျန်းမာရေးနဲ့ လုံခြုံရေးကိုထည့်မတွက်ပဲ အချိန်ပိုမတန်တဆ ဆင်းခိုင်းနေတာလို့ဆိုပါတယ်။
“စက်ပစ္စည်းတွေတောင် အနားပေးရသေးတာ။ အလုပ်သမားတွေက လူသားတွေလေ။ ဘယ်လောက် လုပ်နိူင်မှာလဲ။ အခု အလုပ်သမား တော်တော်များများ ညည်းနေကြတယ်။ နေထိုင်မကောင်းဖြစ်ရင်တောင် ဆေးဝယ်သောက်ဖို့ မလွယ်တဲ့ ဘဝတွေ”လို့ အလုပ် သမားသမဂ္ဂခေါင်းဆောင်တဦးက ပြောပါတယ်။
စက်ရုံအချို့က အချိန်ပိုကို ည၁၀ နာရီ ၊၁၂ နာရီလောက်အထိ ခေါ်နေတာ ရှိသလို ညလုံးပေါက် ဆင်းခိုင်းပြီး နောက်ရက်မှာလည်း အနားမပေးပဲ အလုပ်ပြန်ဝင်ခိုင်းတာမျိုးတွေ ရှိနေတာလို့ ဆိုပါတယ်။
ညအချိန်မတော်အထိ အချိန်ပိုဆင်းပြီး အိမ်ပြန်ရတဲ့ အလုပ်သမားတွေမှာ လုယက်မှုနဲ့ စစ်မှုထမ်း ပေါ်တာဆွဲခံရနိုင်တဲ့ အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ကြုံနေရတာလို့ စက်ရုံလုပ်သားအချို့က ပြောပါတယ်။
“အချိန်ပို ဆင်းရလို့ ပိုက်ဆံရတာက ရတာပဲ။ ရတာနဲ့ မကာမိတဲ့ နောက်ဆက်တွဲ ပြဿတွေက တသီကြီး” လို့ ရွှေပြည်သာမြို့နယ်မှ အထည်ချုပ် လုပ်သားတဦးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အလုပ်သမား ဥပဒေတွေနဲ့ အမိန့်ညွန်ကြားချက်တွေမှာ အလုပ်သမား ဆန္ဒပါမှ အချိန်ပိုခေါ်ခွင့် ပေးထားပြီး တပတ်ကို စုစုပေါင်း အချိန်ပိုနာရီ ၂၀ အထက် စေခိုင်းခွင့် မပြုကြောင်း သတ်မှတ်ချက် ရှိပေမယ့် လက်တွေ့လိုက်နာတာမရှိပဲ ကျူးလွန်ချိုးဖောက်နေတာ ဖြစ်ပါတယ်။
လှိုင်သာယာ၊ရွှေလင်ဗန်းစက်မှုဇုန်က Sen Yu အထည်ချုပ်စက်ရုံမှာ အခုရက်ပိုင်းထဲ တနင်္လာနေ့ကနေ သောကြာနေ့အထိ အချိန်ပို ည ၁၂ ထိ ဆင်းခိုင်းပြီး စနေနေ့မှာ မိုးလင်းပေါက် ဆင်းနေရတယ်လို့ အလုပ်သမားတွေရဲ့ ဆက်သွယ်တိုင်ကြားလာတာကို အခြေခံပြီး သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM)က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လှိုင်သာယာမြို့နယ်ထဲက စက်ရုံတွေဖြစ်တဲ့ Peak Outdoor Yangon အထည်ချုပ်စက်ရုံမှာ ညနက်တဲ့အထိ အချိန်ပို ဆင်းခိုင်းတာအပြင် တနင်္ဂနွေပိတ်ရက်မှာပါ အလုပ်ဆက်ဆင်းခိုင်းတာ၊Sky Fashion စက်ရုံမှာ စနေနေ့ ညလုံးပေါက်ဆင်းခိုင်းပြီး မဆင်းရင် တနင်္ဂနွေနေ့ အလုပ်ဆင်းခိုင်းတာ ၊Sinoproung မှာ ည ၉ နာရီ ခွဲလောက်အထိ အချိန်ပို ပုံမှန်ဆင်းနေရပြီး ညလုံးပေါက် ဆက်ဆင်းရတာတွေ ရှိတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုလုပ်သမားများအဖွဲ့ချုပ် (IWFM)က အသိပေး ထုတ်ပြန်ထားပါတယ်။
Shwe Minn စက်ရုံမှာ အချိန်ပိုမဆင်းရင် အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်စေခိုင်းတာ၊ Victory Myanmar စက်ရုံက တပတ်ကို တကြိမ် မနက် ၃ နာရီလောက်အထိ အချိန်ပိုခေါ်တာ၊ ရွာသာကြီးစက်မူဇုန် Mao Feng မှာ အချိန်ပို ဖိဆင်းခိုင်းပြီး မဆင်းတဲ့သူကို အလုပ်ထုတ်တာတွေ ရှိနေတာလို့ IWFMကဆိုပါတယ်။
ဒါ့အပြင် ပုသိမ်မြို့၊တဲကြီးကုန်းမှာ ဖွင့်လှစ်လည်ပတ်နေတဲ့ ရန်ကုန်ရုံခွဲ Myanmar All Rich စက်ရုံမှာလည်း လုပ်ခမပေးပဲ တနင်္ဂနွေနေ့မှာ အချိန်ပိုဆင်းနေရတယ်လို့ အဲဒီစက်ရုံလုပ်သားတွေဆီက သိရပါတယ်။
Photo- လူမူကွန်ရက်