
အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားတွေနဲ့ တိုင်းရင်းသားလူနည်းစု အသိုင်းအဝိုင်းတွေမှာ ပိုတွေ့လာရတယ်လို့ ဆိုပါတယ်။
၂၈ ၊ ဇူလိုင်
ချင်းမိုင်မှာ HIV ဗိုင်းရပ်စ်ဟာ ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်စရာ ကိစ္စတခုအဖြစ် ရှိနေဆဲပါ။ ကျန်းမာရေးအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ စုစုပေါင်း ကူးစက်ခံရသူ ၂၃,၉၀၀ နီးပါး ရှိနေပြီး နှစ်စဉ် ကူးစက်သူသစ် ၇၀၀ နီးပါး ရှိနေပါတယ်။ ဒါဟာ ပျမ်းမျှအားဖြင့် တရက်ကို ကူးစက်သူသစ် ၂ ယောက်နီးပါး ရှိနေတဲ့ သဘောပါ။
ချင်းမိုင်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးရဲ့ အဆိုအရ ဒီဗိုင်းရပ်စ်ဟာ သီးသန့် အုပ်စုအချို့မှာတင် မဟုတ်တော့ဘဲ နယ်ပယ်အသီးသီးက အသိုင်းအဝိုင်းတွေကြား ပျံ့နှံ့နေတာဖြစ်ပြီး အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားတွေနဲ့ တိုင်းရင်းသားလူနည်းစု အသိုင်းအဝိုင်းတွေမှာ ပိုတွေ့လာရတယ်လို့ ဆိုပါတယ်။
ထိခိုက်လွယ်တဲ့ ဒီလူအုပ်စုတွေဟာ ဘာသာစကား အခက်အခဲ၊ ဆေးကုသခွင့် အကန့်အသတ်ရှိတာ၊ အထောက်အထားစာရွက်စာတမ်း မရှိတာနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ခွဲခြားဆက်ဆံခံရမှာကို စိုးရိမ်တာတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။ ဒါတွေကြောင့် အချို့ဆိုရင် HIV စစ်ဆေးတာနဲ့ ဆေးကုသမှုယူဖို့ ကြန့်ကြာတာ ဒါမှမဟုတ် ရှောင်လွှဲတာမျိုးတွေ ဖြစ်နေကြပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလူနည်းစုဖြစ်ပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်ကြတဲ့ အမျိုးသားတွေထဲမှာ HIV ကူးစက်မှုနှုန်း ၃.၆ ရာခိုင်နှုန်း ရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ရောဂါကာကွယ်ရေး ဝန်ဆောင်မှုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ အခွင့်အလမ်းတွေကြားမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာကို ပြသနေတာပါ။
အသက် ၁၅ နှစ်ကနေ ၂၄ နှစ်ကြား လူငယ်တွေဟာလည်း ပိုပြီး စိုးရိမ်စရာကောင်းလာတဲ့ အုပ်စု ဖြစ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်ရင် HIV ကူးစက်သူသစ် အားလုံးရဲ့ ထက်ဝက်နီးပါး (၄၉ရာခိုင်နှုန်း) ဟာ ဒီအသက်အရွယ်အုပ်စုထဲက ဖြစ်နေပါတယ်။
လိင်ပိုင်းဆိုင်ရာ အပြုအမူတွေ ပြောင်းလဲလာတာ၊ HIV ကူးစက်မှုဆိုင်ရာ ကာကွယ်ရေး ဗဟုသုတ နည်းပါးတာနဲ့ လူငယ်တွေအတွက် အဆင်ပြေမယ့် ကျန်းမာရေးဝန်ဆောင်မှု ရရှိဖို့ ခက်ခဲတာတွေကြောင့် အခုလို ဖြစ်ရတာလို့ တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။
အသက် ၂၅ နှစ်ကနေ ၄၉ နှစ်ကြား လူကြီးပိုင်းတွေကတော့ ကူးစက်သူသစ် အများဆုံးဖြစ်နေဆဲပါ။ သူတို့ဟာ လူမှုရေးနဲ့ လိင်ပိုင်းဆိုင်ရာ တက်ကြွမှု အရှိဆုံး အသက်အရွယ်အုပ်စု ဖြစ်တာကြောင့် အသိပညာပေးတာ၊ ပုံမှန် ဆေးစစ်တာနဲ့ ကုသမှု ပိုမိုရရှိအောင် လုပ်ဆောင်ပေးဖို့ အဓိက ပစ်မှတ်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
ဒေသတွင်း အချက်အလက်တွေအရ အမျိုးသားချင်း လိင်တူဆက်ဆံသူ (MSM) တွေရဲ့ ၆၁.၉ ရာခိုင်နှုန်းဟာ အရင်က မသိကျွမ်းဖူးသူတွေနဲ့ တွေ့ဆုံ လိင်ဆက်ဆံဖို့အတွက် Dating App တွေကို အသုံးပြုကြပါတယ်။ ဒီလိုလုပ်တာဟာ HIV အပါအဝင် အခြား လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်နိုင်ခြေကို ပိုမြင့်တက်စေပါတယ်။
ဒီအခြေအနေတွေဟာ ဖယ်ကျင်ခံထားရတဲ့ အသိုင်းအဝိုင်းတွေ၊ လူငယ်တွေနဲ့ အခြား ကူးစက်နိုင်ခြေမြင့်တဲ့ အုပ်စုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရေးမှာ မညီမျှမှုတွေကို လျှော့ချဖို့ လိုအပ်နေပြီဆိုတာကို မီးမောင်းထိုးပြနေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
သူတို့အနေနဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကနေတဆင့် ပြည်သူ အသိပညာပေးတာတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့၊ အားလုံးပါဝင်နိုင်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ဖန်တီးပေးဖို့နဲ့ HIV နဲ့ ပတ်သက်တဲ့ ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်ဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် HIV စစ်ဆေးတာ၊ ကြိုတင်ကာကွယ်ဆေး (PrEP)၊ အရေးပေါ်ကာကွယ်ဆေး (PEP) နဲ့ အချိန်မီ ဆေးကုသမှုတွေကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်အောင် လုပ်ဆောင်သွားကြဖို့လည်း တိုက်တွန်းထားပါတယ်။
Ref – bangkokpost