အာဆီယံအစည်းအဝေးကို မြန်မာခေါင်းဆောင်တွေ ပြန်တက်ဖို့ အလှမ်းဝေးနေသေးတယ် လို့ အာဆီယံအထူးသံတမန် ပြော

“အခြေအနေက တော်တော်လေး လိုပါသေးတယ်” လို့ လာဇာရိုက ပြောပြီး “သူတို့ရဲ့ မူ ၅ ချက် လိုက်နာမှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ အများကြီးရှိနေတယ်”

၂၄ ၊ ဇူလိုင်

မြန်မာနိုင်ငံက ခေါင်းဆောင်တွေ အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ ပြန်ပါဝင်လာဖို့ဆိုတာ “အတော်လေး ဝေးကွာနေဆဲပါပဲ” လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၂၃ ရက်မှာ ပြောသွားပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ရပ် ကို လိုက်နာမှု ရှိ၊ မရှိ ဆက်လက်စိစစ်နေတုန်းမို့ အာဆီယံအစည်းအဝေးတွေကို ချက်ချင်း ပြန်တက်နိုင်ဦးမှာ မဟုတ်သေးပါဘူးလို့ မနေ့က အာဆီယံအစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်လည်းဖြစ်သူ မာရီယာ ထရီဆာ လာဇာရိုက ပြောခဲ့တာပါ။

“အခြေအနေက တော်တော်လေး လိုပါသေးတယ်” လို့ လာဇာရိုက ပြောပြီး “သူတို့ရဲ့ မူ ၅ ချက် လိုက်နာမှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ အများကြီးရှိနေတယ်” လို့လည်း ဆိုပါတယ်။

၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရ၊ မရဆိုတာကိုလည်း ရေရေရာရာ မပြောနိုင်သေးဘူးလို့ ဆက်ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး လမ်းပြမြေပုံ တိုးတက်မှုကို တိုင်းတာဖို့ စံချိန်စံညွှန်းတွေကို အာဆီယံဘက်က သတ်မှတ်သွားမှာဖြစ်ပြီး အဲဒီစံချိန်စံညွှန်းတွေကို မမီဘူးဆိုရင် မူ ၅ ချက်ကို မလိုက်နာဘူးလို့ သတ်မှတ်သွားမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ့အရေးကိုလည်း အဓိကဆွေးနွေးနေကြတာဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံနဲ့ အဆိုပါ သဘောတူညီချက် ရယူခဲ့တာပါ။

ဒါပေမဲ့ တွေ့ဆုံဆွေးနွေးဖို့၊ ပဋိပက္ခတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးခွင့်ပြုဖို့ ပါဝင်တဲ့ အဲဒီလမ်းပြမြေပုံကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံက မြန်မာစစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ စစ်တပ်လိုလားတဲ့ မြန်မာ့လွှတ်တော်က အာဆီယံရဲ့ မူ ၅ ချက်ဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်တယ်ဆိုပြီး မကြာသေးခင်ကမှ ကန့်ကွက်ကြောင်း အဆိုတစ်ခု အတည်ပြုခဲ့ပါသေးတယ်။

Ref – Reuters