ဥရောပမှာ စံချိန်တင် အပူလှိုင်းဒဏ် ခံစားနေရချိန် ပြင်သစ်မှာ သေဆုံးသူ တထောင်ကျော်ရှိလာ

ဒီရာသီဥတုပြောင်းလဲမှုကြောင့်ပဲ အခုရက်ပိုင်းအတွင်း ညဘက်အပူချိန်တွေ မြင့်တက်လာနိုင်ခြေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကထက် အဆပေါင်း ၁၀၀ ပိုများလာတာ ဖြစ်ပါတယ်။

 

၂၉၊ ဇွန်။

 

တနင်္ဂနွေနေ့က ဥရောပတိုက်ရဲ့ တချို့ဒေသတွေမှာ အပူချိန်ဟာ ၄၀ ဒီဂရီဆဲလ်စီးယပ်စ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပြီး တခြားဒေသတွေမှာတော့ မုန်တိုင်းတွေ ဝင်ရောက်ခဲ့ပါတယ်။

 

အခုလို စံချိန်တင်အပူလှိုင်း ဖြတ်သန်းနေစဉ်အတွင်း ပြင်သစ်နိုင်ငံမှာ လူပေါင်း ၁,၀၀၀ ကျော်ဟာ ပုံမှန်ထက်ပိုပြီး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

 

ပြင်သစ်ပြည်သူ့ကျန်းမာရေးအေဂျင်စီကတော့ အပူဒဏ်ကြောင့် သေဆုံးရသူအများစုဟာ သက်ကြီးရွယ်အိုတွေဖြစ်တယ်လို့ ပြောပြီး ဘိုးဘွားရိပ်သာတွေနဲ့ နေအိမ်တွေမှာ သေဆုံးမှုတွေရဲ့ အသေးစိတ်အချက်အလက်တွေ ထပ်ရလာရင် သေဆုံးသူအရေအတွက် အခုထက်ပိုပြီး တိုးလာနိုင်တယ်လို့သတိပေးထားပါတယ်။

 

ဇွန်လ ၂၀ ရက်နေ့က စတင်ခဲ့တဲ့ အဆိုပါ အပူလှိုင်းဟာ ဥရောပသမိုင်းမှာအဆိုးရွားဆုံးအဖြစ် စံချိန်တင်ခဲ့တာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

 

အခုလို ပြင်းထန်တဲ့ အပူဒဏ်ကြောင့် လျှပ်စစ်ထုတ်လုပ်မှုကို ထိခိုက်စေခဲ့သလို အခြေခံအဆောက်အအုံတွေကို ပျက်စီးစေခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် အပေါ်မှာလည်း ဝန်ထုတ်ဝန်ပိုး ဖြစ်စေခဲ့ပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်က X လူမှုကွန်ရက်ပေါ်မှာ “အခုအချိန်မှာ လူပေါင်း သန်း ၁၅၀ ဟာ ပြင်းထန်တဲ့အပူဒဏ်အောက်မှာ နေထိုင်နေရပြီး လူရာပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။  ကျောင်းတွေ ပိတ်ထားရသလို လျှပ်စစ်ဓာတ်အားလိုင်းတွေလည်း ပြတ်တောက်လုနီးပါး ဖြစ်နေပါတယ်” လို့ ရေးသားခဲ့ပါတယ်။

 

သူက “ရာသီဥတုပြောင်းလဲမှုနဲ့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် တသက်မှာတခါသာ ကြုံရတတ်တဲ့ အပူလှိုင်းဖြစ်စဉ်မျိုးဟာ အခုဆိုရင် နှစ်စဉ်လိုလို ဖြစ်ပွားနေပါတယ်။ ဒါဟာ ကျွန်တော်တို့ သတိပေးခံခဲ့ရပြီးသားပါ” လို့ ရေးခဲ့ပြီး ဥရောပက နေအိမ်တွေ၊ လုပ်ငန်းခွင်တွေနဲ့ ကျောင်းတွေဟာ ပြင်းထန်တဲ့အပူဒဏ်ကို ခုခံနိုင်ဖို့ ကြိုတင်ပြင်ဆင်မှု အလွန်အားနည်းနေတယ်လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

 

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ လူသားတွေကြောင့်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုသာမရှိရင် အခုလို အပူလှိုင်းမျိုး ဖြစ်လာဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်သလောက်ပါပဲလို့ သိရပါတယ်။

ဒီရာသီဥတုပြောင်းလဲမှုကြောင့်ပဲ အခုရက်ပိုင်းအတွင်း ညဘက်အပူချိန်တွေ မြင့်တက်လာနိုင်ခြေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကထက် အဆပေါင်း ၁၀၀ ပိုများလာတာ ဖြစ်ပါတယ်။

 

သြစတြီးယား၊ ချက်သမ္မတနိုင်ငံ၊ ဂျာမနီနဲ့ ပိုလန်နိုင်ငံတို့မှာ အပူချိန်တွေစံချိန်တင်မြင့်တက်ခဲ့ပြီး ပြင်သစ်နိုင်ငံရဲ့ တချို့ဒေသတွေမှာတော့ မုန်တိုင်းတွေ တိုက်ခတ်ခဲ့တာကြောင့် ခရီးသွားလာရေးနဲ့ လျှပ်စစ်ဓာတ်အားပေးဝေမှုကို ပိုပြီးတော့ အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။

 

ရောမမြို့မှာတော့ ပုပ်ရဟန်းမင်းကြီး လီယိုက အခုလို ပြင်းထန်တဲ့အပူဒဏ်ကြားထဲက စိန့်ပီတာရင်ပြင်မှာပြုလုပ်တဲ့ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲကိုလာရောက်ကြတဲ့ ဘာသာဝင်တွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

 

ပြင်းထန်တဲ့ အပူဒဏ်ဟာ ဥရောပက မြစ်ချောင်းတွေကိုလည်း သက်ရောက်မှုရှိနေပြီး ရေပမာဏ လျော့နည်းလာတာ၊ ရေအပူချိန် မြင့်တက်လာတာတွေကြောင့် လျှပ်စစ်ထုတ်လုပ်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ အခက်အခဲတွေဖြစ်ပေါ်စေခဲ့ပါတယ်။

 

အီတလီနိုင်ငံမှာတော့ ပိုမြစ်ရဲ့ ရေစီးဆင်းမှု ကျဆင်းသွားတဲ့အတွက်ပင်လယ်ရေတွေဟာ ကုန်းတွင်းပိုင်း ၁၈ ကီလိုမီတာ (၁၁ မိုင်) ခန့်အထိတိုးဝင်လာခဲ့ပါတယ်။ ဒါကြောင့် မြစ်ဝကျွန်းပေါ်ဒေသက စိုက်ပျိုးရေးနဲ့ရေဝပ်တောထိန်းသိမ်းရေးနယ်မြေတွေအတွက် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

 

အပူဒဏ်ကနေ သက်သာရာရဖို့ ရေဆင်းကူးရင်း ရေနစ်သေဆုံးသူအရေအတွက်လည်း အနည်းဆုံး ဒါဇင်နဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။

 

ချက်အာဏာပိုင်တွေကတော့ ပြည်သူတွေကို ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ မလုပ်ကြဖို့ တိုက်တွန်းထားပြီး အပူဒဏ်ကြောင့် မြေပြင်အိုဇုန်းပမာဏ မြင့်တက်လာတာမို့ နိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာမြူခိုးသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

 

လာမယ့် တရက်၊ နှစ်ရက်အတွင်း ပြင်သစ်၊ ဂျာမနီနဲ့ ချက်သမ္မတနိုင်ငံတို့ရဲ့အချို့ဒေသတွေမှာ မိုးသက်မုန်တိုင်းတွေ ကျရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။

 

အပူလှိုင်းဟာ ဥရောပအလယ်ပိုင်းနဲ့ ဘော်လ်ကန်ဒေသတွေဆီ ပိုမိုရွေ့လျားသွားမှာဖြစ်လို့ ဒီအပတ်အတွင်း ဥရောပအနောက်ပိုင်း အတော်များများမှာတော့ ရာသီဥတု ပြန်အေးလာမယ်လို့ ခန့်မှန်းထားပါတယ်။

 

ပြင်းထန်တဲ့အပူဒဏ် လျော့ပါးသွားပြီဖြစ်ပေမဲ့ မြောက်အရှေ့ပိုင်းက တချို့ဒေသတွေမှာတော့ အပူဒဏ်သတိပေးချက် ရှိနေဆဲပဲလို့ ပြောပါတယ်။

 

 

ကျန်းမာရေးဝန်ကြီး စတီဖနီ ရစ်စ်က La Tribune သတင်းစာကို ပြောကြားရာမှာတော့ ရာသီဥတု ပြန်အေးသွားပြီးရင်တောင် အပူလှိုင်းရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေဟာ ၁၀ ရက်လောက်အထိ ဆက်ရှိနေနိုင်သေးတယ်လို့ ဆိုပါတယ်။ သူက “ဒီအခြေအနေကြီးက မပြီးဆုံးသေးပါဘူး” လို့ BFM ရုပ်သံလိုင်းကို ပြောပါတယ်။

 

စနေနေ့ညနှောင်းပိုင်းက ပြင်သစ်နိုင်ငံရဲ့ တချို့ဒေသတွေကို တိုက်ခတ်ခဲ့တဲ့မုန်တိုင်းတွေကြောင့် လေအေးတွေ ဝင်ရောက်လာခဲ့ပေမဲ့ တဘက်မှာလည်းအိမ်ထောင်စုပေါင်း သောင်းနဲ့ချီ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

 

Ref – Reuters