နာဂစ် ၁၈ နှစ်ပြည့် နှစ်ပတ်လည်မှာ ကျွန်တော်တို့တွေ ဖယောင်းတိုင်ထွန်း ဆုတောင်းရုံတင် မဟုတ်ဘဲ၊ မြေပြင်မှာ လက်တွေ့ကျကျ ဘာတွေ လုပ်ကြမလဲဆိုတာ ပြန်စဉ်းစားကြရအောင်ပါ။
၂၊ မေ။
လွန်ခဲ့တဲ့ ၁၈ နှစ်၊ ၂၀၀၈ ခုနှစ် မေလ (၂) ရက်နေ့ကို မှတ်မိကြသေးရဲ့လား။ အဲဒီနေ့က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မှောင်အတိကျနေခဲ့သလို မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကြီးတခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နာဂစ်လို့ အမည်ရတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ကုန်းတွင်းပိုင်းကို ဝင်ရောက်လာပြီး လူပေါင်း ၁ သိန်း ၄ သောင်းဝန်းကျင်ရဲ့ အသက်တွေကို နုတ်ယူသွားခဲ့တာပါ။
အခုဆိုရင် ဒီဖြစ်ရပ်ဆိုးကြီးဟာ ဆယ်စုနှစ် နှစ်ခုနီးပါးတောင် ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့ လိုနေတာက ကျွန်တော်တို့ သင်ခန်းစာ တကယ်ရခဲ့ပြီလားဆိုတဲ့ အချက်ပါပဲ။ အထူးသဖြင့် မြစ်ဝကျွန်းပေါ်သားတွေရဲ့ အသက်အာမခံချက်ဖြစ်တဲ့ ဒီရေတောတွေရဲ့ အခြေအနေဟာ ဒီနေ့အထိ စိုးရိမ်စရာ ကောင်းနေတုန်းမို့ပါ။
🔷အစိမ်းရောင်တံတိုင်းကြီးများ
ဒီရေတောတွေဟာ ဇီဝမျိုးစုံမျိုးကွဲတွေ ကြွယ်ဝပြီး ငါး၊ ငှက်နဲ့ ကျောရိုးမဲ့သတ္တဝါတွေ အပါအဝင် မျိုးစိတ်အမြောက်အမြားအတွက် နေထိုင်ရာနေရာ၊သားငါးမျိုးပွားရာနေရာနဲ့ အစာရေစာတွေကို ထောက်ပံ့ပေးပါတယ်။ ဒီလိုမျိုး ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုဟာ ငါးဖမ်းလုပ်ငန်းတွေကို အထောက်အကူဖြစ်စေရုံတင်မကဘဲ အနီးနားမှာရှိတဲ့ သန္တာကျောက်တန်းတွေနဲ့ ပင်လယ်မြက်ခင်းပြင်တွေလို ဂေဟစနစ်တွေရဲ့ ကျန်းမာကြံ့ခိုင်မှုကိုလည်း အကျိုးပြုပါတယ်။ဒီရေတောတွေရဲ့ ရှုပ်ထွေးလှတဲ့ အမြစ်စနစ်တွေဟာ ညစ်ညမ်းပစ္စည်းတွေ၊ နုန်းအနယ်တွေနဲ့ သတ္တုအဆိပ်သင့်ပစ္စည်းတွေကို စစ်ထုတ်ပြီး ဖမ်းယူထားပေးပါတယ်။ ဒါကြောင့် သမုဒ္ဒရာတွေထဲကို စီးဝင်သွားတဲ့ ရေအရည်အသွေးကို ပိုမိုကောင်းမွန်စေပါတယ်။
ဆားငန်ဓာတ်မြင့်မားမှု၊ ပြင်းထန်တဲ့ဒီရေအတက်အကျနဲ့ မြေဆီလွှာထဲမှာ အောက်ဆီဂျင်နည်းပါးမှုလိုမျိုး ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို ကြံ့ကြံ့ခံနိုင်ရည်ရှိကြပြီး ဒီရေတောတွေဟာ ကမ်းရိုးတန်းတိုက်စားမှု၊ မုန်တိုင်းဒီရေလှိုင်းတွေနဲ့ ဆူနာမီဘေးအန္တရာယ်တွေအတွက် သဘာဝအတားအဆီးတွေအဖြစ် ဆောင်ရွက်ပေးပါတယ်။ ကုန်းတွင်းပိုင်းဒေသတွေကို ကာကွယ်ပေးပြီး လူမှုအသိုက်အဝန်းနဲ့ အခြေခံအဆောက်အအုံတွေအပေါ် သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်တဲ့ သက်ရောက်မှုတွေကို လျှော့ချပေးပါတယ်။
ဒီရေတောတွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူရာမှာ အလွန်ထိရောက်တာကြောင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အလွန်အရေးပါပါတယ်။ သူတို့ဟာ ကာဗွန်တွေကို အပင်ရဲ့ အစိတ်အပိုင်းတွေမှာတင်မကဘဲ အမြစ်အောက်က မြေဆီလွှာတွေထဲမှာပါ သိုလှောင်ထားပေးပါတယ်။ နာဂစ်မုန်တိုင်းအပြီးမှာ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး ထုတ်ပြန်ခဲ့တဲ့ PONJA အစီရင်ခံစာကို ပြန်ကြည့်ရင် အံ့ဩစရာကောင်းတဲ့ အချက်တခု တွေ့ရှိရပါလိမ့်မယ်။ အဲဒါက ဒီရေတောရဲ့ အစွမ်းပါပဲ။ မုန်တိုင်းဒီရေလှိုင်းတွေ ဒေါသတကြီး ရိုက်ခတ်ချိန်မှာ ခိုင်ခန့်တဲ့ ဒီရေတော အကာအကွယ်ရှိတဲ့ ကျေးရွာတွေဟာ ဒီရေတောမရှိဘဲ ပင်လယ်နဲ့ တိုက်ရိုက်ရင်ဆိုင်ခဲ့ရတဲ့ ရွာတွေထက် အသက်ဆုံးရှုံးမှုနှုန်း ပိုနည်းခဲ့တာပါ။
သိပ္ပံနည်းကျ ပြောရရင်တော့ ဒီရေတောတွေရဲ့ ရှုပ်ထွေးလှတဲ့ အမြစ်စနစ်တွေဟာ မုန်တိုင်းနဲ့အတူ တက်လာတဲ့ ဒီရေလှိုင်းတွေရဲ့ အရှိန်ကို အတားအဆီးတခုလို ဟန့်တားပေးတာပါ။ သိပ်သည်းတဲ့ ပင်စည်တွေက လေပြင်းကို အရှိန်သတ်ပေးတယ်။ ဒီရေတောကို လက်တကမ်းနဲ့ ဆုပ်ကိုင်နိုင်ခဲ့သူတွေအတွက်တော့ ဒီအပင်တွေဟာ သစ်ပင်သက်သက်မဟုတ်ဘဲ သေမင်းလက်ကနေ ဆွဲထုတ်ပေးခဲ့တဲ့ ကယ်တင်ရှင် တံတိုင်းကြီးတွေ ဖြစ်ခဲ့ပါတယ်။
🔷ပြုန်းတီးမှုရဲ့ သံသရာနဲ့ ခါးသီးတဲ့ အမှန်တရား
ဒါပေမဲ့ စိတ်မကောင်းစရာ အမှန်တရားတခုကတော့ အမြဲတမ်းဆိုသလို အဆိုးကျော့နေရပါတယ်။ ဒီလောက်အဖိုးတန်တဲ့ ဒီရေတောတွေဟာ နာဂစ်မတိုင်ခင် ဆယ်စုနှစ်များစွာကတည်းက ပြုန်းတီးလာခဲ့တာပါ။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တတိယမြောက် ဒီရေတောအများဆုံး ပေါက်ရောက်တဲ့ နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ဒီရေတောဧရိယာရဲ့ ၃.၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဒီရေတောဧရိယာ ၅,၀၂၉ စတုရန်းကီလိုမီတာ ရှိတာကြောင့် ကမ္ဘာ့ဒီရေတော အများဆုံးပေါက်ရောက်တဲ့ နိုင်ငံတွေထဲမှာ သတ္တမမြောက်နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
မြန်မာနိုင်ငံရဲ့ ကမ်းရိုးတန်းဒေသတလျှောက်ဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ ဒီရေတောအများဆုံး ပေါက်ရောက်ပါတယ်။ ၁၉၈၀ ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း ဒီရေတောပေါက်ရောက်မှုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိသိသာသာ လျော့ကျလာနေတာ တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ ၇၆ ရာခိုင်နှုန်း၊ ဧရာဝတီမှာ ၂၉ ရာခိုင်နှုန်းနဲ့ တနင်္သာရီမှာ ၉၈ ရာခိုင်နှုန်း အသီးသီးသာ ကျန်ရှိပါတော့တယ်။ ဒါဟာမြန်မာတနိုင်ငံလုံး ဒီရေတောလွှမ်းခြုံမှုရဲ့ ၆၆ ရာခိုင်နှုန်းသာ ကျန်ရှိတာ ဖြစ်ပါတယ်။
ဘာကြောင့် ပြုန်းတီးရသလဲလို့ မေးရင်တော့ အဖြေက ရှင်းရှင်းလေးပါ။ ဒါပေမဲ့ ဖြေရှင်းဖို့က ခက်နေတာပါ။ လောင်စာဆီ ဈေးကြီးတော့ ဒီရေတောကိုခုတ်၊ မီးသွေးဖုတ်ပြီး ရောင်းစားကြတာပေါ့။ နောက်ပြီး ၁၉၉၀ ပြည့်နှစ်နဲ့ ဝန်းကျင်ကာလတွေမှာ ဒီရေတောတွေကို ဖျက်ပြီး ပုစွန်မွေးမြူရေးကန်တွေ အကြီးအကျယ် လုပ်ခဲ့ကြတယ်။ ဒါက ရေတိုမှာ ပိုက်ဆံရပေမဲ့ ရေရှည်မှာတော့ သဘာဝတရားကြီးရဲ့ အာမခံချက်ကို ဖျက်ဆီးပစ်လိုက်တာပါပဲ။ ဒါ့အပြင် စားဝတ်နေရေးအတွက် လယ်ယာမြေတွေ ချဲ့ထွင်ရင်းနဲ့ ဒီရေတောတွေဟာ မြေပုံပေါ်ကနေ ပျောက်ပျောက်သွားခဲ့ရပါတယ်။
“ထင်းခိုးခုတ်တာကတော့လည်း ဘယ်လောက်တားတား ခုတ်ကြတာပါပဲ။ နေ့စောင့်ရင် ညခိုးတယ်။ ဒေသခံတချို့က ကိုယ်တိုင်လုပ်နေကြတော့ နယ်မြေကျွမ်းတယ်။ ကျွန်းပေါ်မှာဆို ဒီရေတော ထင်းမခုတ်ရဆိုတဲ့ ဆိုင်းဘုတ်ပဲ ကျန်ပါတော့တယ်”လို့ ဧရာဝတီတိုင်းက ခမောက်မော်သား ကိုထက်က ရှင်းပြပါတယ်။
🔷နာဂစ်အပြီး အလွန်မှာ နောင်တ တကယ်ရပြီလား
ဒီရေတောဆိုတာ အပူပိုင်းနဲ့ အပူပိုင်းဒေသကပ်လျက် ကမ်းရိုးတန်းတွေရဲ့ ဒီရေအတက်အကျရှိတဲ့ နေရာတွေမှာ ထူးထူးခြားခြား ရှင်သန်ပေါက်ဖွားနိုင်တဲ့သစ်ပင်တွေ ဖြစ်ပါတယ်။ ဒီထူးခြားတဲ့ ဂေဟစနစ်တွေရဲ့ ထင်ရှားတဲ့ ဝိသေသတခုကတော့ ရွေ့လျားနေတဲ့ သဲသောင်ပြင်တွေနဲ့ ရွှံ့နွံထူထပ်တဲ့ ကမ်းခြေတွေမှာ အပင်ကို ခိုင်ခန့်အောင် ထိန်းထားပေးနိုင်တဲ့ သိပ်သည်းပြီး ကျားထောက်သဏ္ဌာန်ရှိတဲ့ အမြစ်တွေပဲ ဖြစ်ပါတယ်။ ဒီရေတောတွေမှာ မျိုးစိတ်ပေါင်း၇၀ ကျော်ရှိပြီး သိပ္ပံနည်းကျ လေ့လာမှုတွေအရ အလွန် မျိုးကွဲများပြားလှကာ မျိုးစိတ်တခုချင်းစီဟာ သက်ဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေတွေအလိုက် လိုက်လျောညီထွေ ရှင်သန်နိုင်စွမ်း ရှိကြပါတယ်။
ပင်လယ်ရေငန်နဲ့ ရေငန်စပ်တွေမှာ ရှင်သန်ပေါက်ရောက်နိုင်တဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်ဟာ အခြားအပင်အမျိုးအစား အနည်းငယ်သာ တတ်နိုင်တဲ့ အရာဖြစ်ပြီး ဒီအချက်ကပဲ သူတို့ကို ကမ်းရိုးတန်း ဂေဟစနစ်တွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေတာပဲ ဖြစ်ပါတယ်။
နာဂစ်အပြီးမှာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေ ပူးပေါင်းပြီး ဒီရေတော ပြန်လည်စိုက်ပျိုးရေး စီမံကိန်းတွေ အများကြီး လုပ်ခဲ့ကြတာ အားလုံးအသိပဲပေါ့။ ငွေတွေလည်း သန်းနဲ့ချီ အကုန်ခံခဲ့ကြပါတယ်။ အခုထိလည်း Worldview Myanmar – WIF လို အဖွဲ့တွေက ဦးဆောင်ပြီး ဒီရေတောတွေ ပြန်လည်များပြားလာဖို့ ကြိုးစားနေကြပါတယ်။ ဒီရေတော အပင်ဖာထေးခြင်းဆိုတဲ့ စနစ်တွေ အသုံးပြုပြီး ဆောင်ရွက်နေကြပါတယ်။ တချို့နေရာတွေမှာတော့ တောတွေ ပြန်ကောင်းလာတာနဲ့ သားငါးတွေ ပေါလာတယ်လို့ ဧရာဝတီတိုင်းဒေသတွင်း WIF နဲ့ ပူးပေါင်းစိုက်ထားတဲ့ စိုက်ခင်းအခြေအနေတွေအပေါ် အကောင်းမြင်မှုတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ ၁၈ နှစ်အကြာ ဒီနေ့မှာ မြေပြင်ကို ကြည့်ရင်တော့ အများကြီးအားရစရာ သိပ်မရှိလှသေးပါဘူး။ ကိုဗစ်နဲ့ အာဏာသိမ်းမှု အခြေအနေတွေကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ အားအင်ချည့်နဲ့လာဖို့ မီးလောင်ရာလေပင့် ဖြစ်ခဲ့ပါတယ်။ နောက်ပြီး အရေးကြီးဆုံးက ဒေသခံလူထုရဲ့ အခန်းကဏ္ဍပဲ။ ဒေသခံတယောက်အတွက် ဒီရေတောထက် ထမင်းအိုးက ပိုအရေးကြီးနေသရွေ့တော့ ဒီအပင်တွေကို ခုတ်မိမှာပါပဲ။ ငွေမြန်မြန်ပေါ်ရေး ပုစွန်ကန်တွေကို ဖော်နေဦးမှာပါပဲ။ သူတို့ကို ပူးပေါင်းပါဝင်သူအဆင့်ကနေ ဒီတောဟာ ငါတို့ပိုင်တယ်၊ ငါတို့ကို သူတို့က အသက်ဘေးကနေ ကာကွယ်ပေးတာဆိုတဲ့ ပိုင်ဆိုင်မှုခံစားချက်ရအောင် မလုပ်ပေးနိုင်ခဲ့တာက အကြီးမားဆုံး လစ်ဟာချက်ပါ။
“ဒီရေတောတွေမှာ သမှည့်ပင်ဆိုတာရှိတယ်။ သူက အများဆုံးပေါက်ရောက်တာပေါ့။ အဲဒီအပင်တွေ အများဆုံးအခုတ်ခံရတယ်။ ပြီးရင်အုတ်လုပ်ငန်းအတွက် အုတ်ထင်းအဖြစ် ရောင်းစားကြတယ်။ ကျွန်တော်တို့ ငယ်ငယ်က အဆိုးအပြစ်တွေ မသိခင်တုန်းကဆိုရင် အဲလို ချောင်းကမ်းဘေးမှာ အုတ်ထင်းတွေခုတ်ပြီး လာပုံရင် အရမ်းပျော်ခဲ့တာ။ သူငယ်ချင်းတွေနဲ့ တက်ဆော့လို့ရတာကိုး။ အုတ်ထင်းပုံကြီးတွေက သုံးထပ်တိုက်အမြင့်စာလောက်တောင်ရှိတယ်။ အခုဆိုရင်တောင် လက်သုံးလုံးလောက် အသားချောင်း ၇ ချောင်းပါ တစည်းကို ၁၅၀၀ ကျပ်လောက်ပေါက်နေတော့ ခုတ်ကြတာပါပဲ”လို့ ခမော်မော်ဒေသခံ ကိုထက်က ဆက်ပြောပြပါတယ်။
“အခုက သစ်ခိုး ခုတ်တာတွေလည်း များလာကြတာ။ ရှိတာကတော့ လမု၊ လမဲ့၊ သမောင်း၊ ကျွန်းသား၊ ကနစိုး အစရှိတာတွေပါ။ လူတွေက စီးပွားရေးအရ ခိုးခုတ်ကြတယ်ဆိုပေမဲ့ တာဝန်အရဆိုတော့လည်း မရဘူးလေ။ ကြာလာရင် မျိုးတုန်းကြမှာဗျ။ လူလောဘဆိုတာ ပြောမရဘူးလေ”လို့ ဘိုကလေးက တောဦးစီးတဦးက ပြောပြပါတယ်။
🔷ရာသီဥတုပြောင်းလဲမှုနဲ့ ခြိမ်းခြောက်မှု
အခုဆို ကမ္ဘာကြီးက ပိုပူလာတယ်၊ ပင်လယ်ရေမျက်နှာပြင်ကလည်း မြင့်တက်လာနေတယ်။ ပညာရှင်တွေက သတိပေးနေတာကတော့ မုန်တိုင်းတွေဟာ အရင်ကထက် ပိုပြင်းလာမယ်၊ ပိုလည်း စိပ်လာမယ်တဲ့။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဟာ ရာသီဥတုဒဏ်ကို အခံရဆုံး ဒေသတွေထဲမှာ ထိပ်ဆုံးက ပါနေတာပါ။ တကယ်လို့ နာဂစ်လို မုန်တိုင်းမျိုး နောက်တခါ ထပ်လာခဲ့ရင် ကျွန်တော်တို့မှာ ဘာအကာအကွယ် ရှိလဲ။ လက်ရှိ ဒီရေတော အနေအထားက ခိုင်ခန့်တဲ့တံတိုင်းထက် ပေါက်ပြဲနေတဲ့ ဇကာနဲ့ ပိုတူနေပါတယ်။ ဒါဟာ မြစ်ဝကျွန်းပေါ်သား သန်းပေါင်းများစွာရဲ့ အသက်ကို သေမင်းလက်ထဲ အပ်ထားသလို ဖြစ်နေတာနဲ့ တူတူပါပဲ။
နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က ရေထဲမှာ နုန်းအနယ်တွေ စုစည်းမှုဟာ ပုံမှန်ထက် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ဒါဟာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်အတွင်းက နုန်းမြေတွေ စီးဆင်းလာတာနဲ့ လှိုင်းဒဏ်ကြောင့် ကမ်းခြေက နုန်းတွေကို ပြန်လည်လှုပ်ခတ်စေရာကနေ ဖြစ်ပေါ်လာတာတွေရှိပါတယ်။ မုန်တိုင်းဒီရေကြောင့် ကုန်းတွင်းပိုင်း ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရေတက်မျဉ်းဟာ အကြီးအကျယ် နောက်ဆုတ်သွားခဲ့ပါတယ်။
နာဂစ်မုန်တိုင်းအပြီးမှာ ကမ်းရိုးတန်းမျဉ်းဟာ ပျမ်းမျှအားဖြင့် ၄၇ မီတာခန့် ဆုတ်ခွာ (တိုက်စားခံရ) သွားခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း(၂၀၀၈ ခုနှစ် ဩဂုတ်လကနေ ၂၀၁၀ ပြည့်နှစ် ဧပြီလအထိ) မှာတော့ တိုက်စားမှုဟာ ပိုမိုပြင်းထန်လာပြီး ၁၄၈ မီတာအထိ ရှိခဲ့ပါတယ်။ ဒါဟာ နာဂစ်မတိုင်ခင် (၂၀၀၀-၂၀၀၅ ခုနှစ်အတွင်း) တနှစ်လျှင် ၂.၁၄ မီတာခန့် တိုက်စားနှုန်းနဲ့ ၄၁ နှစ်တာ ကာလအတွင်း (၁၉၇၄-၂၀၁၅ ခုနှစ်) ပျမ်းမျှတနှစ်လျှင် ၀.၆၂မီတာခန့် တိုက်စားနှုန်းတွေထက် အဆပေါင်းများစွာ ပိုမိုများပြားနေတာပါ။
သုတေသနပညာရှင်တွေကတော့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ရိုက်ခတ်မှုအပြီးမှာ ကမ်းရိုးတန်းရဲ့ ပြန်လည်ကြံ့ခိုင်နိုင်စွမ်းဟာ အားနည်းသွားတယ်လို့ ပြောနေပါတယ်။ ရလဒ်အနေနဲ့ မြစ်ကနေစီးဆင်းလာတဲ့ နုန်းအနယ်များ လျော့နည်းလာမှုကြောင့် ဘေးဒဏ်ပိုမိုသင့်လွယ်လာတဲ့၊ လူဦးရေလည်း တနေ့ထက်တနေ့ ပိုမိုတိုးတက်လာတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ နောင်အနာဂတ်မှာ ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေ ထပ်မံကြုံတွေ့ရရင် အရင်ကထက် ပိုမိုဆိုးရွားတဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိနေလို့လည်း ခန့်မှန်းကြပါတယ်။
ဒါကြောင့် အတိတ်ကို နောင်တရနေရုံနဲ့တော့ မပြီးတော့ပါဘူး။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ ဒေသခံတွေကို ဒီရေတောကနေ ငါး၊ ပုစွန် အထွက်တိုးစေတယ်ဆိုတဲ့ အကျိုးကျေးဇူးကို လက်တွေ့ခံစားရအောင် ဖန်တီးပေးပြီး သူတို့ကိုယ်တိုင် စောင့်ရှောက်အောင် လုပ်ရမယ်။မီးသွေးခုတ်တာကို ရပ်ချင်ရင် ဆိုလာလိုမျိုး အစားထိုးစွမ်းအင်တွေကို ဈေးပေါပေါနဲ့ ရအောင် လုပ်ပေးရလိမ့်မယ်။ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ စနစ်တကျစောင့်ကြည့်ပြီး တောပြုန်းလာရင် အချိန်နဲ့တပြေးညီ အရေးယူနိုင်ရမယ်။
နာဂစ်ရဲ့ သင်ခန်းစာက တကယ့်ကို ခါးသီးလွန်းလှပါတယ်။ လူပေါင်း ၁ သိန်း ၄ သောင်းဝန်းကျင်ရဲ့ အသက်ကို ရင်းခဲ့ရတဲ့ ဒီသင်ခန်းစာဟာ ကျွန်တော်တို့အတွက် လုံလောက်တဲ့ သတိပေးချက် ဖြစ်သင့်နေပါပြီ။ ဒီရေတောဆိုတာ သဘာဝပတ်ဝန်းကျင် ချစ်လို့ စိုက်ရုံသက်သက် မဟုတ်ပါဘူး။ ဒါဟာ ဧရာဝတီသားတွေရဲ့ အသက်အာမခံချက်ပါ။
ဒီနေ့ နာဂစ် ၁၈ နှစ်ပြည့် နှစ်ပတ်လည်မှာ ကျွန်တော်တို့တွေ ဖယောင်းတိုင်ထွန်း ဆုတောင်းရုံတင် မဟုတ်ဘဲ၊ မြေပြင်မှာ လက်တွေ့ကျကျ ဘာတွေ လုပ်ကြမလဲဆိုတာ ပြန်စဉ်းစားကြရအောင်ပါ။ ဒီအစိမ်းရောင်တံတိုင်းတွေကို ကျွန်တော်တို့ ပြန်မတည်ဆောက်နိုင်ရင် နောင်တချိန်မှာ သမိုင်းရဲ့ တရားခံတွေဖြစ်လာရပါလိမ့်မယ်။ နာဂစ်က ပေးခဲ့တဲ့ အမှောင်ထုထဲက သင်ခန်းစာကို အလင်းအဖြစ် ပြောင်းလဲနိုင်ဖို့ အရေးကြီးနေပါပြီ။
ခမောက်မော် ဒေသခံကိုထက်ကတော့ သူအသက် ရှစ်နှစ်အရွယ်က ကြုံတွေ့ခဲ့ရဖူးတဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းနဲ့ ပတ်သက်လို့ “အဲဒီလိုခံစားချက်မျိုး ဒီတသက်ပြန်မခံစားချင်တော့ပါဘူးအစ်ကိုရာ။ အိုးအိမ်တွေလဲ အကုန်ပြို၊ ရှိတဲ့ပစ္စည်းရွှေငွေတွေလည်း ရေမှာမျော၊ ခိုးတဲ့သူကခိုး၊ ပင်လယ်ထဲရောက်နေတဲ့ ငါးဖမ်းသင်္ဘောသုံးစင်းလုံးလည်း မြုပ်ကုန်တယ်။ မိသားစုတချို့နဲ့လည်း သေကွဲ ကွဲခဲ့ရတယ်။ အခုထက်ထိ မိုးဒဏ်လေဒဏ်ကြားရင် စိုးရိမ်စိတ်ဖြစ်မိတုန်းပဲ။ တသက်မမေ့နိုင်တဲ့ စိတ်ဒဏ်ရာတွေပါပဲ”လို့ ဝမ်းနည်းစွာနဲ့ ပြောပြပါတယ်။
ကိုးကား –
: Post-Nargis Joint Assessment (PONJA)
: Mangroves protected villages and reduced death toll during Indian super cyclone
: The impact of Cyclone Nargis on the Ayeyarwady (Irrawaddy) River delta shoreline and nearshore zone (Myanmar): Towards degraded delta resilience?
: Wif.foundation