
“ခွင့်ပြုချက်နဲ့ ထုတ်တဲ့သူတွေမှာလည်း သဘာ၀ ပတ်ဝန်းကျင် မထိခိုက်ရေးအတွက် သတ်မှတ်ထားတဲ့ နှုန်းထား ရှိတယ်၊ ဒါပေမယ့် အဲဒီနှုန်းထားထက် ပိုပြီးတော့ ထုတ်တာတွေ ရှိတဲ့အတွက် ဧရာ၀တီမြစ်ပျက်စီးတာတွေ ရှိ တယ်”
၂၁၊ ဧပြီ။
ဧရာ၀တီတိုင်းမြောက်ပိုင်း အင်္ဂပူ၊ ဟင်္သာတ၊ ဇလွန်စတဲ့ မြို့နယ်တွေအတွင်းရှိ ဧရာ၀တီ မြစ်ကြောင်းတလျှောက်မှာ မြစ်သဲ၊ ကျောက်တွေ စည်းကမ်းမဲ့ အလွန်အကျွံ ထုတ်ယူနေကြတဲ့ အတွက် မြစ်လမ်းကြောင်းပြောင်းပြီး ကမ်းပြို၊ကမ်းစား အခြေအနေတွေ ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
“လုပ်ငန်းရှင်တွေ အကြီးစား၊ အသေးစားပေ့ါ၊ နည်းမျိုးစုံနဲ့ ထုတ်နေကြတာပါပဲ။ လောလောဆယ်တော့ ကိုယ်နဲ့ လက်လှမ်းမီသလောက်ကတော့ နံကပ်ကြီး၊ ရွှေဟင်္သာကျွန်း၊ အင်္ဂပူ၊ ဟင်္သာတ၊ ဇလွန်တို့မှာတောင် နှစ်စဉ် (အ ဆောက်အဦး) ရာနဲ့ ကျော်ပြီးတော့ ဖျက်ရတာတွေ ရှိတယ်” လို့ ဟင်္သာတမြို့ခံတဦးဖြစ်တဲ့ ဦးစိန်သောင်းက ပြောပါတယ်။ဦးစိန်သောင်းဟာ ပြည်သူ့ပါတီရဲ့ ဧရာဝတီတိုင်း အတွင်းရေးမှူး ဖြစ်သလို ဥပဒေမဲ့ မြစ်သဲကျောက် အလွန်အကျွံ စုပ်ယူနေတဲ့ လုပ်ငန်းတွေကို လေ့လာစောင့်ကြည့်နေသူ တဦးလည်း ဖြစ်ပါတယ်။
လက်ရှိမှာလည်း အင်္ဂပူမြို့နယ် နံကပ်ကြီး၊ ရွှေပြည်သာ၊ ဘုရားကျွန်း၊ လက်ျားကုန်းစတဲ့ ကျေးရွာတွေ အနီးဝန်း ကျင်မှာ မြစ်သဲကျောက် ထုတ်လုပ်တဲ့ စက်လှေတွေ အများအပြား ရှိနေပြီး လူနေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းစတဲ့ အဆောက်အဦးတွေများစွာ ဖြိုဖျက်၊ ရွေ့ပြောင်းရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
နံကပ်ကြီးကျေးရွာမှ ဒေသခံတဦးကလည်း “လှေ ဆယ်နဲ့ချီပြီး ထုတ်ကြတာ။ နေ့ရောညရော ထုတ်တယ်။ ကြာရင် ကမ်းတွေပြိုတော့မယ်။ တော်တော်စိုးရိမ်နေရတဲ့အခြေအနေ” လို့ ပြောပါတယ်။
အဲဒီလိုမြစ် သဲကျောက်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဟာ ခွင့်ပြုချက်နဲ့ ထုတ်လုပ်တဲ့သူတွေ ရှိသလို ခွင့်ပြုချက်မဲ့ ထုတ်လုပ်သူတွေလည်း ရှိကာ၊ ခွင့်ပြုချက်နဲ့ ထုတ်လုပ်သူတွေဟာလည်း ခွင့်ပြုထားတဲ့ ပမာဏထက် ကျော်လွန်ပြီး ထုတ်လုပ်နေကြတယ်လို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
“ခွင့်ပြုချက်နဲ့ ထုတ်တဲ့သူတွေမှာလည်း သဘာ၀ ပတ်ဝန်းကျင် မထိခိုက်ရေးအတွက် သတ်မှတ်ထားတဲ့ နှုန်းထား ရှိတယ်၊ ဒါပေမယ့် အဲဒီနှုန်းထားထက် ပိုပြီးတော့ ထုတ်တာတွေ ရှိတဲ့အတွက် ဧရာ၀တီမြစ်ပျက်စီးတာတွေ ရှိ တယ်” လို့ ဦးစိန်သောင်းက ပြောပါတယ်။
အဲဒီလို မြစ်သဲကျောက် အလွန်အကျွံ ထုတ်လုပ်မှုတွေကြောင့် နေအိမ်အဆောက်အဦးတွေ ပျက်စီးရတာအပြင် မြစ်ကြောင်းပြောင်းလဲကာ ပြည်သူပိုင်အဆောက်အဦးတွေ ဖြစ်တဲ့ စာသင်ကျောင်းတွေ၊ဆေးရုံတွေ အပြင် ဘာသာရေး အဆောက်အဦးတွေ ပြိုကျပျက်စီးခဲ့တာတွေလည်း ရှိနေပါတယ်။
“ဒီဘက်မှာလည်း တော်တော်ဆိုးဆိုးပဲ၊ မြစ်ကြောင်းတလျှောက်လုံးပဲ သဲစုပ်၊ ကျောက်စုပ် စုပ်နေကြတာ၊ မြစ် ကြောင်းပြောင်းပြီး မြေနုကျွန်းပြောင်းတာတွေလည်း အဲဒါတွေကြောင့်ပဲဖြစ်တာပါ” လို့ ဇလွန်မြို့နယ်မှ ဒေသခံ လယ်သမားတဦးက ပြောပါတယ်။
အဲဒီမြစ်သဲကျောက် အလွန်အကျွံ ထုတ်လုပ်သူတွေဟာ ခေတ်အဆက်ဆက် အစိုးရအရာရှိတွေနဲ့ ပေါင်းလုပ်ကိုင်နေသူတွေဖြစ်ပြီး အခုစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထုတ်လုပ်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။
“ခေတ်အဆက်ဆက်အစိုးရနဲ့ ပေါင်းစားတဲ့သူတွေများတယ်။ ဒေသခံတွေ တိုင်ကြားရင်လည်း ၊ တိုင် ကြားလို့လည်း မရဘူး။ မြစ်ကြောင်းဖြိုး (ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)ကပဲ တိုင် လို့ရမယ်။ မြစ်ကြောင်းဖြိုးနဲ့ ပေါင်းစားနေတဲ့အခါကျတော့ ဒါကို တိုင်ကြားဖို့က တော်တော်လေး ခဲရာခဲဆစ်ဖြစ် တယ်” လို့ ဦးစိန်သောင်းက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်သဲကျောက်တွေ အလွန်အကျွံထုတ်လုပ်တာ အပြင် ဥပဒေပြင်ပက စီးပွားရှာကြတဲ့ သစ်မှောင်ခို၊မူးယစ်ဆေး၊လောင်းကစား စတဲ့လုပ်ငန်းတွေကို စစ်တပ်အရာရှိတွေနဲ့ ပေါင်းပြီးလုပ်ကိုင်ကြသူတွေ များပြားလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။