
ဧရာဝတီတိုင်းမှာတော့ လာမယ့် သင်္ကြန်ကာလကို အပူချိန်မြင့်မားမှု၊ လေထုညစ်ညမ်းမှုနဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်တက်မှုတွေနဲ့ ဖြတ်ကျော်ရဖို့ရှိနေပါတယ်။
ရာသီဥတုဒဏ်ကို ပြင်းပြင်းထန်ထန်ခံရနိုင်တဲ့ ဧရာဝတီတိုင်းရဲ့ သင်္ကြန်နဲ့ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန်တွေအကြောင်းကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေဖြစ်ကြတဲ့ မိုးဇလ၊ ကျန်းမာရေး၊ လူမှုကူညီရေး၊ ဒေသခံတချို့စတာတွေကို DNA က မေးမြန်းစုစည်းထားရာမှာ ဘုံတူညီချက်တွေဖြစ်တဲ့ အချက်တွေကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။
ရှောင်ရန်အချက်များ – နံနက် ၁၁ နာရီကနေ ညနေ ၄ နာရီထိ နေပူထဲကို ဦးထုတ်/ထီး ကဲ့သို့ ဆောင်းစရာမပါပဲ မထွက်ရန်၊ ဆက်တိုက်ရေစိုနေမှာမျိုးမဟုတ်ဘဲ ရေစိုဝတ်နဲ့ စိုလိုက် ခြောက်လိုက် နေခြင်းမျိုးကို မပြုလုပ်ရန်၊ ထူထဲကြပ်တည်းတဲ့ အဝတ်အစားမျိုးကို ရှောင်ကြဉ်ရန်၊ အရက်အပါအဝင် မူးယစ်ဆေးများ သုံးစွဲခြင်း မပြုရန်၊ ကာဖိန်းဓာတ် လွန်ကဲစွာပါဝင်သော စားသောက်စရာများ အပါအဝင် ငန်လွန်းသော အစားအစာများကို သတိပြုစားသုံးရန်၊ ရေဓာတ်ဆုံးရှုံးစေနိုင်သော အလွန်အကျွံ့လှုပ်ရှားမှုတွေ မပြုလုပ်ရန်။
ဆောင်ရန် အချက်များ – နံနက် ၁၁ နာရီအထိနဲ့ ညနေ ၄ နာရီ နောက်ပိုင်းမှ ရေကစားခြင်း အပါအဝင် ပျော်ပွဲရွှင်များမှာ ကခုန်ခြင်းများ ပြုလုပ်ရန်၊ မျက်နှာ အပါအဝင် ခန္ဓာကိုယ် အရေပြားများကို ဖုံးထားနိုင်တဲ့ အဝတ်အစားမျိုး ဝတ်ဆင်ရန်၊ ဖြစ်နိုင်ရင် နေကာမျက်မှန်တပ်ရန်၊ ရေဘူးဆောင်ထားပြီး သတိရတိုင်း ရေသောက်ရန်၊ အပူပြင်းနေချိန် ထိခိုက်မှု တခုခုဖြစ်ပေါ်ခဲ့ရင် ကျန်းမာရေးဆိုင်ရာ ထောက်ကူပြုအဖွဲ့တွေဆီ ချက်ချင်း ဆက်သွယ်ရန်/သွားရန်၊ အပြင်ချိန်ပြင်းနေချိန် သွေးထွက်မှုဟာ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်ကြောင်း သတိရှိရန်၊ ကိုယ်သင်္ကြန်လည်ပတ်မယ့် နေရာမှာရှိနေမယ့် အရေးပေါ်အကူညီ တောင်းနိုင်မယ့် အဖွဲ့အစည်းတွေကို ဆက်သွယ်နိုင်ဖို့ ကြိုတင်ရှာဖွေ ပြင်ဆင်ထားရန်။
သင်္ကြန်ကာလအတွင်း ရာသီဥတုအခြေအနေ
ဧရာဝတီတိုင်း တတိုင်းလုံးအတိုင်းအတာနဲ့ နေ့အပူချိန်တွေဟာ ၃၈ ဒီဂရီစင်တီဂရိတ်အထက်မှာ ရှိနေမှာဖြစ်ပြီး အချို့ဒေသတွေမှာ ၄၄ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်လာဖို့ ရှိနေတယ်လို့ မိုးဇလဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
အထူးသဖြင့် ဧပြီ ၁၄၊ ၁၅ ၊ ၁၆ ရက်တွေရဲ့ မွန်းတည့်ချိန် ၁၂ နာရီကနေ ၄ နာရီကြား အချိန်တွေမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကနေ ၄၄ ဒီဂရီစင်တီဂရိတ်ထိ ပူပြင်းလာနိုင်ပါတယ်။ ဒီအပူချိန်တွေဟာ ရုတ်တရက် အပူရှပ်(Heat Shock)ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့အထိ အခြေအနေ ပြင်းထန်မှုတွေ ဖြစ်နိုင်ပါတယ်။
“အရေးအကြီးဆုံးကတော့ နေပူထဲ မထွက်ကြဖို့ပေါ့။ သင်္ကြန်ရေးက မဖျားဘူးဘာညာပေါ့ တကယ်ဖြစ်ပြီဟေ့ ဆိုရင်လည်း သိကြားမင်းဆင်းကယ်လို့တောင် မရနိုင်ဘူး ” လို့ ဇလွန်မြို့နယ်မှာ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တဦးက ဆိုပါတယ်။
သူက မွန်းတည့်ချိန်ကနေ ညနေ ၄ နာရီအထိ အပူပြင်းဆုံးအချိန်တွေမှာ အရက်သောက်တာ၊ ပြင်းပြင်းထန်ထန်လှုပ်ရှားတာ၊ ချွေးထွက်လွန်စေမယ့် အဝတ်အစားတွေ ဝတ်ဆင်နေထိုင်တာ၊ နေပူထဲကို အမိုးအကာမပါပဲ ထွက်တာ၊ နေပူထဲမှာ အချိန်ကြာမြင့်စွာ နေထိုင်တာ၊ ရေသောက်နည်းတာ စတဲ့ လုပ်ရပ်တွေကို ဆင်ခြင်ကြဖို့ သတိပေးထားပါတယ်။
ဒါအပြင် လေထုညစ်ညမ်းမှုတွေဟာလည်း ပြန်လည် မြင့်တက်လာဖို့ရှိနေပြီး တိုက်ပွဲတွေရှိနေတဲ့ ဧရာဝတီတိုင်းရဲ့ အနောက်ဘက်ပိုင်းနဲ့ မြောက်ဘက်ပိုင်းတွေမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပါဝင်မှုများပြားတဲ့ လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိ အဆင့်ထိ မြင့်တက်လာဖို့ ရှိနေပါတယ်။
ဒီလိုမျိုး လေထုညစ်ညမ်းမှုအပြင် နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကနေ ၄၄ ဒီဂရီစင်တီဂရိတ်ထိ ရှိလာနိုင်တဲ့ မြို့နယ်တွေထဲမှာ ပုသိမ်၊ မြန်အောင်၊ ကြံခင်း၊ ဟင်္သာတ၊ ပန်းတနော်၊ ဝါးခယ်မ၊ ညောင်တုန်း စတဲ့မြို့နယ်တွေ ပါဝင်နေပါတယ်။
ဒါတင်မကသေးပါဘူး ဧရာဝတီတိုင်း တတိုင်းလုံးအနေနဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာ ၁၁ မှာ ရှိနေမှာဖြစ်နေပြီး ဒီအညွှန်းကိန်းဟာ သင်္ကြန်ကာလ တလျှောက်လုံး ရှိနေနိုင်ပါတယ်။
ဒီမြို့နယ်တွေဟာ သင်္ကြန်ကာလမှာ လမ်းလျှောက်သင်္ကြန် ပြုလုပ်ကြမယ့် ဒေသတွေဖြစ်တာကြောင့် နေပူထဲမှာ လမ်းလျှောက်ထွက်ခြင်းကို အထူးသတိပြုဖို့လိုတယ်လို့ ဒေသခံ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ လူမှုကူညီရေးအသင်းတွေက တိုက်တွန်းထားပါတယ်။
“ ဒီအခြေအနေတွေက ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအများကြီးဖြစ်နိုင်ပါတယ်။ Heat Shock ဖြစ်နိုင်တယ်။ မျက်လုံးတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်တယ်။ အသားအရေတွေ လောင်တာ၊ ယားယံတာတွေ ဖြစ်လာနိုင်တယ်။ ဒီအချိန်မှာ ရေနဲ့ထိလို့ ရေကမသန့်ဘူးဆိုရင် ပိုဆိုးတဲ့ ပြဿနာတွေ ရှိနိုင်ပါတယ် ” လို့ CDM ပြုလုပ်ထားသူ ဒေါက်တာ ခင်မျိုးဝင်း က ပြောပြပါတယ်။
ဒါအပြင် လတ်တလောကာလမှာ စက်သုံးဆီ ရှားပါးနေတာကြောင့် ရုတ်တရက် အရေးပေါ်ဖြစ်စဉ်မျိုးတွေ ဖြစ်လာခဲ့ရင် ဆေးရုံ၊ ဆေးခန်းတွေကို အလွယ်တကူသွား ရောက်နိုင်ဖို့ဟာလည်း ခက်ခဲတာကြောင့် နေပူထဲထွက်တာတင် မဟုတ်ဘဲ မူးယစ်သောက်စားခြင်းတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေကိုပါ သတိထား ရှောင်ကြဉ်သင့်တယ်လို့ ညောင်တုန်းမြို့က လူမှုကူညီရေးအသင်းတခုရဲ့ တာဝန်ခံဖြစ်သူက ဆိုပါတယ်။
“ကျွန်တော်တို့ ရှိနေမှာပဲဆိုပေမယ့် မလိုအပ်ပဲ ထိခိုက်ရတာတွေ၊ အသက်ဆုံးရှုံးရတာတွေ မဖြစ်ဖို့ဆိုရင် ကိုယ်တိုင်က ဂရုစိုက်ဖို့လိုပါတယ် ”လို့ သူက ပြောပါတယ်။
ဒီသတိပေးချက်ကို ဝါးခယ်မမြို့က လူမှုကူညီရေး အသင်းတခုရဲ့ တာဝန်ခံကလည်း ထောက်ခံထားပါတယ်။
“ရှောင်ရမယ့် အထဲမှာဆိုရင် ကာဖိန်းဓာတ်ပါတဲ့ စားသောက်စရာတွေကိုပါ ထည့်သင့်တယ်။ သူက ရေဓာတ်ကို အလွန်အကျွံ့ ဆုံးရှုံးစေတတ်တယ်။ အဓိက မိန်းကလေးတွေပေါ့ ” လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းက ကျေးလက်ဒေသတချို့မှာ သင်္ကြန်ကာလအတွင်း ကျင့်သုံးပြုမူကြတဲ့ လူဖမ်းပြီးရေထဲပစ်ချတာ၊ ကာလသားတွေကို လိုက်ဖမ်းပြီး နို့ထမင်းနယ်ကြွေးတာ၊ အိုးမဲသုတ်ခြင်း အပါအဝင် ပြေးလွှားပြီး ခန္ဓာကိုယ်ကို အပင်ပန်းခံရတဲ့ ဓလေ့တချို့လည်း ရှိပါတယ်။
ဒါကြောင့် ဒီလိုမျိုး သင်္ကြန်ဓလေ့မျိုးကိုလည်း အပူချိန်ပြင်းတဲ့ နေ့လည်ခင်း အချိန်တွေမှာ မလုပ်ကြဖို့အတွက် လူမှုကူညီရေး အသင်းတွေက မေတ္တာရပ်ခံထားကြပါတယ်။