ညောင်တုန်းမှာ ဆီတန်းနေတဲ့ကားကို ဝင်တိုက်ပြီး တဦးသေဆုံး

၉၊ ဧပြီလ။

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့က  ဆီဆိုင်မှာ ညအိပ်တန်းစီထားတဲ့  Nissan Condor ကားကို ရန်ကုန်ကနေ ပုသိမ်ဘက်ကို မောင်းနှင်လာတဲ့ Nissan Diesel ကားက အနောက်ကနေဝင်တိုက်ခဲ့ပြီး ဆီတန်းဖို့ရပ်ထားတဲ့ ကားပေါ်ပါ အမျိုးသား တဦးသေဆုံးခဲ့ပါတယ်။

ဒီကနေ့ ဧပြီလ နံနက်အစောပိုင်း ၄ နာရီ မိနစ် ၃၀ က ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်း၊ ဇီးဖြူကျွန်းကျေးရွာအုပ်စု၊ ဇီးဖြူကျွန်းကျေးရွာအနီး မိုင်တိုင်အမှတ် (၂၆/၃) နှင့် (၂၆/၄) ကြားမှာ ဆီတန်းစီဖို့ ညအိပ်စောင့်နေတဲ့ ကားကိုဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

“ ဖြစ်စဉ်မှာတော့ ဆီတန်းစီနေတဲ့ကားပေါ်က ကျား(အမျိုးသား) တဦးဆုံးပါတယ်။ ဝင်တိုက်တဲ့ကားပေါ်က ကျား ၂ ဦးကတော့ မစိုးရိမ်ရ ဒဏ်ရာတွေရခဲ့ပါတယ် ” လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်ခဲ့သူ တဦးက DNA ကိုပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ညောင်တုန်းဆေးရုံနဲ့ ဒဏ်ရာရရှိသူတွေကို ဆားမလောက် တောင်သူလယ်သမား ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်မှာ ညောင်တုန်းမြို့နယ်က သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။