
“ထောက်ခံစာဖိုးချည်းပဲ တသောင်းလောက်ကုန်နေပြီ။ အဲဒါလမ်းစရိတ် မပါသေးဘူး။ ဆီသွားထုတ်ဖို့ ကယ်ရီခ ရှိသေးတယ်။
၈၊ ဧပြီ။
ထွန်စက်နဲ့ ရေတင်စက်တွေ အသုံးပြုကြရတဲ့ တောင်သူတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီရဲ့ ထောက်ခံချက်တွေပါမှပဲ ဆီထုတ်ပေးနေပြီး အဲဒီထောက်ခံစာ တစောင်အတွက် အနည်းဆုံး ကျပ်ငါးထောင် ပေးနေကြရပါတယ်။
“ထောက်ခံစာနဲ့ ထုတ်ပေးတယ်။ တဂါလံ၊ နှစ်ဂါလံ၊ သုံးဂါလံ အဲဒီလိုမျိုး တယောက်နဲ့ တယောက် ရတဲ့ပမာဏ မတူဘူး၊ အများလိုတဲ့သူ အများရတာပေ့ါ။ ဒါပေမယ့် ထောက်ခံစာတစောင် သွားတောင်းဖို့စရိတ်နဲ့ ထောက်ခံစာခ ပိုက်ဆံတွေ တွက်လိုက်ရင် စရိတ်အရမ်းပေါက်တယ်” လို့ ဧရာ၀တီတိုင်း မြန်အောင်မြို့နယ်မှ လယ်သမားတဦးဖြစ်တဲ့ ဦးအောင်က ပြောပါတယ်။
တောင်သူတွေဟာ စက်သုံးဆီထုတ်ဖို့အတွက် အမည်၊ ကျေးရွာအမည်၊ စိုက်ပျိုးဧက၊ တရက်ထွန်ယက်နိုင်မယ့်နှုန်း၊ လိုအပ်မယ့် ဆီပမာဏ စတဲ့ အချက်အလက်တွေ နဲ့ တင်ပြ၊ ထောက်ခံစာတောင်းကာ ဆီထုတ်ကြရတာဖြစ်ပါတယ်။
“ထောက်ခံစာဖိုးချည်းပဲ တသောင်းလောက်ကုန်နေပြီ။ အဲဒါလမ်းစရိတ် မပါသေးဘူး။ ဆီသွားထုတ်ဖို့ ကယ်ရီခ ရှိသေးတယ်။ လယ်သမားတယောက် ဆီဂါလန် ၃၀ ရမယ်ကြားလို့ သွားထုတ်တာ ၃ ဂါလံပဲရတယ်။ အဲဒါနဲ့ ပြန်လာတာ စရိတ်ချည်းပဲ သုံး၊လေးသောင်း ကုန်သွားတယ်” လို့ ဇလွန်မြို့နယ်မှ အမည်မဖော်လိုသူ လယ်သမားတဦးက ပြောပါတယ်။
အခုအခါ ဧရာ၀တီတိုင်းအတွင်း ငရုတ်၊ ပြောင်းစတဲ့ ဆောင်းသီးနှံစိုက်တောင်သူတွေမှာ ရေတင်ဖို့အတွက် စက်သုံးဆီ လိုအပ်ချက်တွေရှိနေပြီး တချို့စိုက်ခင်းတွေဆိုရင် ဓါတ်ဆီဝယ်မရတာကြောင့် ရေမတင်နိုင်ဘဲ ပျက်စီးသွားခဲ့ရတာတွေလည်း ရှိနေပါတယ်။
စိုက်ခင်းရေတင်ဖို့အပြင် မိုးရာသီ စပါးစိုက်ခင်းတွေ ထွန်ယက်နိုင်ဖို့အတွက်လည်း ထွန်စက်အတွက် စက်သုံးဆီလို အပ်ချက်တွေ ရှိနေတာပါ။ အဲဒီလိုအခြေအနေမှာ စက်သုံးဆီတွေကို ခွဲတမ်းနဲ့ ထုတ်ပေးဖို့ စစ်ကော်မရှင်က စီစဉ်ပေမယ့် အောက်ခြေဝန်ထမ်းတွေရဲ့ ထောက်ခံစာဖိုး ငွေတောင်းတာ၊ စက်သုံးဆီဆိုင်တွေက ပမာဏအနည်းငယ်သာ ထုတ်ပေးတာတို့ကြောင့် အခက်အခဲတွေနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ဆိုင်ကယ်နဲ့ ကားတွေကိုလည်း QR ကုတ်နဲ့ ဆီတွေ စဖြည့်ပေးနေပြီး လိုင်စင်မရှိတဲ့ ဆိုင်ကယ် တွေနဲ့ လိုင်စင်ရှိပေမယ့် QR ကို Scan ဖတ်မရတဲ့ ဆိုင်ကယ်တွေ အများစု ရှိနေကာ အဲဒီဆိုင်ကယ်တွေဟာ ဆီမ ဖြည့်ရဖြစ်နေကြပါတယ်။
ခွဲတမ်းကျ ဆီထုတ်ပေးနေတဲ့အပြင် ဆီဆိုင်ကြီးတွေဟာ ပြင်ပမှောင်ခိုဆိုင်တွေကိုလည်း ဆီခိုးထုတ်ရောင်းနေပြီး စျေးအဆမတန် တင်ရောင်းနေကြတာတွေ ပိုများလာတာကြောင့် ပြင်ပမှောင်ခိုဆိုင်တွေမှာ ဆီတလီတာကို ကျပ်တသောင်းဝန်းကျင်ကနေ တသောင်းခွဲထိ စျေးရှိနေပါတယ်။
စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်းကြီးမြင့်နေမှုဟာ ဧရာဝတီတိုင်း ကမ်းရိုးတန်းဒေသက ရေလုပ်သား မိသားစုတွေ နဲ့ လယ်ယာလုပ်သူတွေရဲ့ စားဝတ်နေရေးကို တိုက်ရိုက် ခြိမ်းခြောက်နေပြီး ဒေသခံတွေ သွားလာရေးအတွက် အ ခက်ကြုံလာနေပါတယ်။
ငါးဖမ်းလှေတွေ ရပ်နားထားရတာ၊ စိုက်ခင်းတွေ ပျက်စီးသွားတာတွေနဲ့ ကြုံနေကြရသလို နွေစပါး စိုက်ထားသူတွေ မှာလည်း စပါးစျေးကောင်းမရချိန် စက်သုံးဆီ စျေးအလွန်တက်နေတော့ ရိတ်သိမ်းဖို့ အခက်အခဲ ရှိနေကြတာပါ။
ဒါ့အပြင် ဧရာ၀တီတိုင်းအတွင်း မြို့ချင်းဆက်လမ်းတွေကို ပြေးဆွဲနေတဲ့ ကားခတွေ၊ ဧရာ၀တီ – ရန်ကုန်ကားခတွေ ဟာလည်း နှစ်ဆကနေ သုံးဆထိ စျေးတက်နေပြီး သင်္ကြန်ကာလ အလုပ်ပိတ်ရက် အိမ်ပြန်မယ့် သူတွေနဲ့ ခရီးသွား တွေ အခက်အခဲ ကြုံနေကြရပါတယ်။