
“ထောက်ခံစာအတွက် ရွာမှာ ၅ ထောင်နော်၊ မြို့နယ်မှာ ၁ သောင်းပေးပြီး ထောက်ခံစာ ထုတ်ရတယ်။ ဆီသွားဝယ်တယ်။ ထောက်ခံစာတွေ ယူထားလိုက်ပြီး ဆီကျမရဘူး။ ဆိုင်ဖုန်းနံပါတ်ပေးလိုက်တယ် ဆီရ၊မရ လှမ်းဆက်မေးဖို့တဲ့။ ခု တပတ်ရှိပြီ ခုထိ ဆီမရသေးဘူး ”
၈၊ ဧပြီလ။
၂၀၂၅ – ၂၀၂၆ ခုနှစ် နွေစပါးရာသီမှာ ဓနုဖြူမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးဧက ၃ သောင်း ၇ ထောင် နီးပါးရှိခဲ့ပြီး လက်ရှိမှာ စက်သုံးဆီ အခက်အခဲကြောင့် ဧက ၁ သောင်းဝန်းကျင်လောက်ဟာ စပါးအောင်ရေသွင်းဖို့နဲ့ ရိတ်သိမ်းချွေလှေ့ဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။
“ တသောင်းလောက် ကျန်နေတာ။ အများစုကတော့ အောင်ရေသွင်းရမှာပါ။ အောင်ရေမရရင် ဒီစပါးတွေက ပျက်ဆီးသွားမှာပါ ” လို့ ဓနုဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းတဦးက ပြောပါတယ်။
တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးရေးမှာ အသုံးပြုဖို့ လိုအပ်တဲ့ စက်သုံးဆီကို ကျေးရွာနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွေကနေ ထောက်ခံချက်တွေယူပြီး ဆီဝယ်ယူရမယ်ဆိုပေမယ့် အမှန်တကယ် လက်တွေ့မှာတော့ ဝယ်လို့ မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ထောက်ခံစာအတွက် ရွာမှာ ၅ ထောင်နော်၊ မြို့နယ်မှာ ၁ သောင်းပေးပြီး ထောက်ခံစာ ထုတ်ရတယ်။ ဆီသွားဝယ်တယ်။ ထောက်ခံစာတွေ ယူထားလိုက်ပြီး ဆီကျမရဘူး။ ဆိုင်ဖုန်းနံပါတ်ပေးလိုက်တယ် ဆီရ၊မရ လှမ်းဆက်မေးဖို့တဲ့။ ခု တပတ်ရှိပြီ ခုထိ ဆီမရသေးဘူး ” လို့ ဒေသခံ တဦးက ပြောပါတယ်။
DNA က ရရှိထားတဲ့ လယ်သမားနဲ့ ဆီဆိုင်ကဝန်ထမ်း ဖုန်းပြောထားတဲ့ အသံသွင်းမှတ်တမ်းတခုမှာ ဧပြီလ ၄ ရက်နေ့မှာ ဆီထုတ်လို့ရပြီလို့ ဆိုထားပေမယ့် မနေ့က ဧပြီလ ၇ ရက်နေ့ထိ ဆီမရောက်သေးလို့ ထုတ်လို့မရသေးဘူးဆိုတဲ့ အကြောင်းပြန်ကြားမှု ပါဝင်ပါတယ်။
ဓနုဖြူမြို့နယ်တွင်းက နွေစပါးစိုက်ကွင်းတွေမှာ ချောင်းနဲ့နီးတဲ့လယ်နဲ့ မနီးတဲ့လယ် စသဖြင့် ရေသွင်းရတဲ့ အခြေအနေ ကွာခြားမှုတွေရှိပြီး အောင်ရေသွင်းဖို့အတွက် ချောင်းနဲ့နီးတဲ့ လယ်တွေမှာ တဧကကို ဆီ ၄ ဂါလံလိုအပ်ပြီး တွင်းရေနဲ့တင်ရတဲ့ လယ်တွေအတွက် တဧက ဆီ ၈ ဂါလံထိ လိုအပ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“ ဆီမရတော့ အပြင်စျေးနဲ့ ဝယ့်လုပ်ရတာ စျေးကြီးတာပေါ့။ အပြင်ဈေးက တပီပါကို သိန်း ၃၀ ဖြစ်နေပြီ။ စပါးက အချိန်မီ မလုပ်နိုင်ရင် ပျက်ဆီးမှာပဲ။ အောင်ရေ မသွင်းနိုင်တာဖြစ်ဖြစ်၊ အချိန်မီ မသိမ်းနိုင်တာဖြစ်ဖြစ် ပျက်ဆီးသွားမှာပဲ ” လို့ ဓနုဖြူမြို့နယ် ကျုံအိပ်ကျေးရွာက နွေစပါးစိုက်ပျိုးသူ တဦးက ဆိုပါတယ်။
လက်ရှိ ကျန်နေသေးတဲ့ လယ်တွေမှာ အများအားဖြင့် ပြည်ပပို့တဲ့ စပါးအမျိုးအစားတွေ စိုက်ပျိုးကြပြီး ပြည်တွင်းမှာ စားသုံးတဲ့ အမျိုးအစားတွေ စိုက်ပျိုးထားကြသူတွေလည်း ရှိနေပါတယ်။