
“အဘိုးအဖွားတွေကတော့ ထမင်းသိပ်မစားနိုင်ကြပေမဲ့၊ စိတ်မကျန်းမာသူတွေကတော့ ထမင်းတော်တော်လေး စားနိုင်ကြပါတယ်
၃၀၊ မတ်။
အဘိုးအဘွား၊ ကလေးသူငယ်နဲ့ စိတ်မကျန်းမာသူဝေဒနာရှင်တွေ စုစုပေါင်း ၁၁၀ ကို ကျွေးမွေး၊ စောင့်ရှောက်ထား တဲ့ ဟင်္သာတမြို့ရှိ ခိုလှုံရာ ခိုကိုးရာမဲ့ဘိုးဘွားရိပ်သာမှာ ဆန်အရေးပေါ် လိုအပ်ချက်ရှိနေပါတယ်။
လက်ရှိမှာ ဆန်တတိုင်ကီ(သုံးအိတ်ခွဲ)သာ ရှိတော့တယ်လို့ ရိပ်သာတာဝန်ရှိသူ တဦးက ပြောပါတယ်။
“နှစ်အိတ်ကို သုံးရက်စာပေ့ါ။ အဓိက လိုအပ်တာကတော့ ဒိုင်ပါနဲ့ ဆန်က အဓိကပေါ့၊ ဒီမှာက ဂီလာနအဘိုး အ ဘွားက လမ်းမလျှောက်နိုင်တာများတယ်။ ဂီလာန၊ လမ်းဘေးစွန့်ပစ်၊ စိတ်မကျန်းမာတာပေ့ါ၊ အရွယ်စုံပေ့ါ။ ဒိုက် ဘာက တနေ့ကို ညမနက်ဆို လေးထုတ်ကုန်တယ်။ ဆယ်ခုပါတဲ့ဟာလေ” လို့ ပြောပါတယ်။
၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အဲဒီရိပ်သာမှာ ခိုကိုးရာမဲ့ အရွယ်စုံဘိုးဘွား ၁၀၀ ဦးနဲ့ ကလေးငယ် ဆယ်ဦး ရှိပါတယ်။ သူတို့အတွက် ပုံမှန်ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် ဆေးပဒေသာပင် လုပ်ထားပြီး အဲဒီကနေ သုံးစွဲကာ ဆန်အလှူရှင်တွေ နည်းပါးလာတဲ့အတွက် ဆန်လိုအပ်ချက်ရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။
“အစကတော့ ပုံ့ နှစ်ဆန်းတစ်ရက်နေ့မှ နှစ်ဦးအလှူအဖြစ် အလှူခံမယ် စိတ်ကူးထားပေမယ့် ခုတော့ ဆန်လေးက ပြတ်တော့မှာမို့ အဲ့နေ့ထိ မတောင့်ခံနိုင်တော့ပဲ အလှူလေး ခံရခြင်းဖြစ်ပါတယ်ရှင်” လို့ ရိပ်သာတည်ထောင်သူ မပုံ့က သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားအလှူခံထားပါတယ်။
လှူဒါန်းလိုသူတွေအနေနဲ့ ဆန်တအိတ်လျှင် တသိန်းကျပ်နှုန်းထားနဲ့ တပိုင်း၊ တစိတ်စသဖြင့် လှူဒါန်းနိုင်ပြီး တနေ့ တာ အာဟာရအတွက် ကျပ်သုံးသိန်းခွဲ လှူဒါန်းချင်ရင်လည်း လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။
“အဘိုးအဖွားတွေကတော့ ထမင်းသိပ်မစားနိုင်ကြပေမဲ့၊ စိတ်မကျန်းမာသူတွေကတော့ ထမင်းတော်တော်လေး စားနိုင်ကြပါတယ်…ဒါကြောင့် ပုံ့ ရိပ်သာလေးဟာ ဆန် နှစ်အိတ်ကို သုံးရက်သာ စားရပါတယ်ရှင်… ပုံ့က တနေ့ တာ အာဟာရ အလှူရှင် မရှိရင် အဖိုးအဖွားတွေ ငတ်မှာ အရမ်းကြောက်တဲ့အတွက် လူတိုင်းလှူနိုင်တဲ့ နှုန်းထား ဖြစ်အောင် တနေ့တာ အာဟာရကို ဆန်ဖိုးမပါပဲ ဟင်းဖိုးချည်းပဲ အလှူခံပါတယ်ရှင်” လို့ မပို့က ဆိုပါတယ်။
ခိုလှုံရာ ဘိုးဘွားရိပ်သာဟာ တည်ထောင်သူတွေရဲ့ လုပ်အားတွေ၊ ပုဂ္ဂလိကအလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ ရပ်တည်နေတဲ့ရိပ်သာတခုဖြစ်တယ်လို့ သိရပါတယ်။
“ဆန်ဖိုးတွေနဲ့ တခြား ကျန်းမာရေးစရိတ်၊ ဒိုင်ဘာ၊ ဝန်ထမ်းလစာ၊ ရိပ်သာရဲ့ အထွေထွေ စရိတ်လေးတွေကိုတော့ ပုံ့ အလှူလဲ ခံသလို၊ ကိုဗစ်နောက်ပိုင်းမှာ ရငွေနဲ့ သုံးငွေဟာ မလောက်ငှတော့တဲ့အတွက် ဈေးရောင်းပြီးလဲ အဘိုးအဖွားတွေရဲ့ ဝန်ကို ထမ်းထားပါတယ်ရှင်…” လို့ ရိပ်သာတည်ထောင်သူ မပုံ့က ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ မိဘမဲ့ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးနေတဲ့ ရိပ်သာတွေရှိပြီး အဲဒီထဲ အများစုဟာ ကိုဗစ်ကာလနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်တွေအပါအဝင် ကုန်စျေးနှုန်းမြင့်တက်တာကြောင့် အခက်အခဲတွေနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။