​​ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေးအတွက် ဖိလစ်ပိုင်နဲ့ တရုတ် ဆွေးနွေး

နှစ်ဘက်စလုံးဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ရှေ့ပြေးလုပ်ငန်းစဉ်တွေကို ရှာဖွေဆွေးနွေးခဲ့ကြသလို တည်ငြိမ်တဲ့စွမ်းအင်နဲ့ မြေဩဇာ ရရှိနိုင်မှုရဲ့ အရေးပါပုံကိုလည်း အလေးအနက် ပြောဆိုခဲ့ကြပါတယ်။

 

၃၀၊ မတ်။

 

အငြင်းပွားဖွယ်ရာ ပင်လယ်ပြင်အတွင်းက ပဋိပက္ခတွေကို စီမံခန့်ခွဲဖို့အတွက် နှစ်နိုင်ငံကြား အပြန်အလှန် ဆွေးနွေးပွဲတွေ ပြန်စတင်လာတာနဲ့အမျှ တောင်တရုတ်ပင်လယ်အတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေဖော်ထုတ်နိုင်ခြေရှိတဲ့ကိစ္စတွေနဲ့ ပတ်သတ်လို့ အပြန်အလှန် နှီးနှောဖလှယ်မှုတွေကို ဖိလစ်ပိုင်နဲ့တရုတ်တို့ ဆွေးနွေးခဲ့ကြပါတယ်။

 

မနီလာနဲ့ ဘေကျင်း အစိုးရတို့ဟာ မတ်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်၊ ချွမ်ကျိုးမြို့မှာ (၂၄) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဆွေးနွေးပွဲနဲ့ (၁၁) ကြိမ်မြောက် တောင်တရုတ်ပင်လယ်ဆိုင်ရာ နှစ်နိုင်ငံ အတိုင်ပင်ခံ ယန္တရား (BCM) အစည်းအဝေးတွေကိုတဆက်တည်း ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

 

ဖိလစ်ပိုင်ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး လီယို ဟာရဲရား လင်က ဦးဆောင်ခဲ့ပြီး တရုတ်ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆန်ဝေဒေါင်က ဦးဆောင်ခဲ့တာပါ။

 

နှစ်ဘက်စလုံးဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ရှေ့ပြေးလုပ်ငန်းစဉ်တွေကို ရှာဖွေဆွေးနွေးခဲ့ကြသလို တည်ငြိမ်တဲ့စွမ်းအင်နဲ့ မြေဩဇာ ရရှိနိုင်မှုရဲ့ အရေးပါပုံကိုလည်း အလေးအနက် ပြောဆိုခဲ့ကြပါတယ်။

 

ဖိလစ်ပိုင်သမ္မတ မားကို့စ်ဟာ အရှေ့အလယ်ပိုင်းစစ်ပွဲရဲ့ ရိုက်ခတ်မှုတွေကြောင့် မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော် စွမ်းအင်ဆိုင်ရာ အရေးပေါ်အခြေအနေတရပ်ကို ကြေညာခဲ့ပါတယ်။

 

လက်ရှိ ကမ္ဘာ့အခြေအနေတွေ၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းက ဖြစ်ပေါ်တိုးတက်မှုတွေကြောင့် မရေမရာ ဖြစ်နေတဲ့အချိန်မှာ စွမ်းအင်နဲ့မြေဩဇာတွေကို တည်တည်ငြိမ်ငြိမ် ရရှိဖို့ အရေးကြီးကြောင်း၊ သန့်စင်စွမ်းအင်နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ကုန်သွယ်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ခြေတွေအကြောင်းကို ဖိလစ်ပိုင်နဲ့ တရုတ်တို့ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာန (DFA) က ဆိုပါတယ်။

 

“ပင်လယ်ပြင်အတွင်း ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် ဖိလစ်ပိုင်နိုင်ငံရဲ့ ဥပဒေနဲ့ မူဝါဒတွေနဲ့ ကိုက်ညီတဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ နှစ်ဘက်စလုံးက ဆက်လက် တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ အဲဒီထဲမှာကမ်းခြေစောင့်တပ်အချင်းချင်း ဆက်သွယ်ဆောင်ရွက်တာ၊ ပင်လယ်ပြင်မိုးလေဝသ တိုင်းတာတာနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပူးပေါင်းဆောင်ရွက်နိုင်ခြေအပေါ် အစပျိုး ဆွေးနွေးတာတွေ ပါဝင်ပါတယ်” လို့ DFA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

နှစ်နိုင်ငံ အတိုင်ပင်ခံ ယန္တရား (BCM) အစည်းအဝေးမှာတော့ တောင်တရုတ်ပင်လယ် အခြေအနေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ အသေးစိတ်နှီးနှောဖလှယ်ခဲ့ကြပါတယ်။

 

ဖိလစ်ပိုင်ဘက်ကတော့ ဥပဒေနဲ့အညီ လုပ်ကိုင်နေမှုတွေကို အနှောင့်အယှက်ဖြစ်စေတာနဲ့ ပင်လယ်ပြင်မှာ အန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ်တွေအပါအဝင် ဖိလစ်ပိုင် ဝန်ထမ်းတွေနဲ့ တံငါသည်တွေရဲ့ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေတဲ့ဖြစ်ရပ်တွေအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး သူတို့ရဲ့ မူဝါဒပိုင်းဆိုင်ရာရပ်တည်ချက်တွေကို အခိုင်အမာ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

 

အဆိုပါ ဆွေးနွေးပွဲတွေဟာ ဒီနှစ်အတွင်းမှာ ကျင်းပမယ့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံမှုအတွက် လမ်းခင်းပေးလိုက်တာလည်းဖြစ်ပါတယ်။

 

ဒေသတွင်း ဆွေးနွေးမှုတွေကို စီမံခန့်ခွဲတာတွေ၊ အာဆီယံရဲ့ ဗဟိုချက်ကျမှုကို ထိန်းသိမ်းတာတွေ၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုအထောက်အကူပြုတဲ့ ဥပဒေအခြေပြု လုပ်ထုံးလုပ်နည်းတွေကို အားကောင်းအောင် လုပ်ဆောင်ဖို့နဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအနေနဲ့ တာဝန်သိပြီးကျွမ်းကျင်ပိုင်နိုင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ဖိလစ်ပိုင်က အတည်ပြု ပြောကြားခဲ့ပါတယ်။

Ref – philstar