
ဝန်ထမ်းတွေနဲ့ စီမံခန့်ခွဲသူတွေကြား လစာကိစ္စ လပေါင်းများစွာဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက်မှာ ဖြစ်လာတာပါ။
၂၅၊ မတ်။
ဩစတြေးလျအသံလွှင့်ကော်ပိုရေးရှင်း (ABC) က ဝန်ထမ်း ရာပေါင်းများစွာဟာ လစာနဲ့ လုပ်ငန်းခွင် အခြေအနေတွေကြောင့် ဗုဒ္ဓဟူးနေ့မှာ သပိတ်မှောက်ခဲ့ကြပါတယ်။
ဒါဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အလုပ်မလုပ်ဘဲ လုပ်ငန်းခွင်စွန့်ခွာ ဆန္ဒပြမှုဖြစ်ပြီး အစိုးရပိုင်ရုပ်သံဌာနရဲ့ တိုက်ရိုက်သတင်းတင်ဆက်မှုတွေကို အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။
မနက် ၁၁ နာရီမှာ သပိတ်စတင်ခဲ့တာကြောင့် တိုက်ရိုက်ထုတ်လွှင့်နေတဲ့အစီအစဉ်တွေနေရာမှာ ဗြိတိန်ရုပ်သံဌာန (BBC) က အစီအစဉ်တွေကိုပြောင်းလဲထုတ်လွှင့်ခဲ့ရပါတယ်။
၂၄ နာရီကြာ သပိတ်မှောက်နေတဲ့အချိန်အတွင်း တီဗီနဲ့ ရေဒီယိုက နာမည်ကြီးအစီအစဉ်တွေနေရာမှာ အရင်က ထုတ်လွှင့်ပြီးသားတွေကိုပဲ ပြန်လည်ပြသသွားဖို့ ရှိနေပါတယ်။
ဒါဟာ ဝန်ထမ်းတွေနဲ့ စီမံခန့်ခွဲသူတွေကြား လစာကိစ္စ လပေါင်းများစွာဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက်မှာ ဖြစ်လာတာပါ။
ABC ဝန်ထမ်း အများစုဟာ သုံးနှစ်အတွင်း လစာ ၁၀ ရာခိုင်နှုန်း တိုးပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ အမြဲတမ်းဝန်ထမ်းတွေအတွက် ဘောနပ်စ်ဩစတြေးလျဒေါ်လာ ၁,၀၀၀ ပေးမယ်ဆိုတဲ့ နောက်ဆုံးကမ်းလှမ်းချက်ကို ဒီအပတ်ထဲမှာပဲ ငြင်းပယ်ခဲ့ကြပါတယ်။
ABC ရဲ့ ဝန်ထမ်း ၄,၅၀၀ ထဲက သုံးပုံတပုံဟာ အလုပ်သမားသမဂ္ဂဝင်တွေဖြစ်ကြပါတယ်။
ဆွေးနွေးပွဲတွေ ပျက်သွားပြီးနောက်မှာ လူပေါင်း၁,၀၀၀ ဝန်းကျင်လောက်က အခုလို ဆန္ဒပြဖို့အတွက် ထောက်ခံမဲ ပေးခဲ့ကြတာပါ။
မီဒီယာ၊ ဖျော်ဖြေရေးနဲ့ အနုပညာမဟာမိတ်အဖွဲ့ သမဂ္ဂကတော့ အခုကမ်းလှမ်းချက်ဟာ ကုန်ဈေးနှုန်း ကြီးမြင့်မှုနှုန်းထက် နည်းနေသလို လုံခြုံတဲ့လုပ်ငန်းခွင်အခြေအနေကိုလည်း အာမမခံနိုင်ဘူးလို့ ပြောပါတယ်။
ဒါ့အပြင် ဒေါ်လာ ၁,၀၀၀ ဘောနပ်စ်ထဲမှာ နေ့စားဝန်ထမ်းတွေ မပါဝင်တာကိုလည်း သမဂ္ဂက ထောက်ပြထားပါတယ်။
“ABC ဝန်ထမ်းတွေ အခုလို လုပ်ဆောင်ရတာဟာ လူမှုနေထိုင်မှုစရိတ်နဲ့ကိုက်ညီတဲ့ တရားမျှတတဲ့လစာ၊ စစ်မှန်တဲ့ အလုပ်အကိုင်လုံခြုံမှုနဲ့ဩစတြေးလျ ပြည်သူတွေကို ဂုဏ်သိက္ခာရှိရှိ ဆက်ပြီး ဝန်ဆောင်မှုပေးနိုင်မယ့် လုပ်ငန်းခွင်အခြေအနေမျိုးကို လိုချင်လို့ပါ” လို့ အမှုဆောင်
အရာရှိချုပ်အီရင် မက်ဒလေက ပြောပါတယ်။
ABC ရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ ဟျူး မာ့ခ်စ်ကတော့ အခုလို သပိတ်မှောက်တာဟာ အင်မတန် စိတ်မကောင်းစရာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေ အများကြီးရှိနေတဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့တွေ အပြင်ထွက်နေကြဖို့က သိပ် မကောင်းပါဘူး” လို့ မာ့ခ်စ်ကABC ရေဒီယိုကို ပြောပါတယ်။
ဝန်ထမ်းတွေကို ပေးထားတဲ့ ကမ်းလှမ်းချက်ဟာ တရားမျှတပြီး သင့်တော်ပါတယ်လို့ သူက ပြောသလို ဘောနပ်စ်ကိုပါ ထည့်တွက်မယ်ဆိုရင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှုန်းထက် ပိုများပါတယ်လို့လည်း သူက ပြောသွားပါတယ်။
Ref – Reuters