
“ကျွန်မတို့က တရားဝင်မှတ်ပုံတင်ထားတယ်။ သူတို့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာတယ်။ ဆီကျတော့ ကျွန်မတို့ဘာမှ လုပ်လို့မရဘူးလေ။ သူတို့ရောင်းပေးမှ ရမှာပေါ့။”
၂၅၊ မတ်လ။
စက်သုံးဆီရှားပါးလာမှုကို ကာကွယ်နိုင်ဖို့လို့ ခေါင်းစဉ်တပ်ထားတဲ့ ဆီဝယ်ယူရေး စီမံချက်တွေကို စစ်ကောင်စီက တခုပြီးတခုထုတ်ပြန်ခဲ့သလို ဒီထုတ်ပြန်ချက်တွေကြောင့် လူမှုကူညီရေးအဖွဲ့တွေရဲ့ အရေးပေါ်ယာဉ်တွေ လူနာသယ်ဆောင်ရေးမှာ အခက်အခဲတွေ ရှိလာနေတယ်လို့ ဧရာဝတီတိုင်းအတွင်းက လူမှုကူညီရေးအဖွဲ့တွေက DNA ကိုပြောပါတယ်။
“ဆီဈေးကတက်လာတဲ့အပြင် တစီးကို နှစ်သောင်းဖိုးပဲခွဲတမ်းနဲ့ရောင်းပေးတာ။ အရင်က နှစ်သောင်းဆိုရင် နည်းနည်းအလုပ်လုပ်လို့ရသေးတယ်။ အခု နှစ်သောင်းက ဆီဆိုင်ကထွက်တာနဲ့ ကုန်နေပြီ။ တကယ်စိတ်ညစ်တယ် ” လို့ မြောင်းမြမြို့က ပရဟိတ အဖွဲ့တခုရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ဒီလူမှုကူညီရေးအဖွဲ့အစည်းတွေဟာ အစိုးရထံမှာ မှတ်ပုံတင်ထားပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နိုင်ဖို့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။
အရေးပေါ် အခြေအနေနဲ့ ရွာတွေကနေ မြို့ပေါ်ကဆေးရုံတွေကို ပို့ဆောင်ဖို့ အခြေအနေတွေအပြင် ဟင်္သာတမြို့ကနေ ရန်ကုန်ကို လူနာပို့ရတဲ့ အခြေအနေမှာတောင် လမ်းမှာရှိတဲ့ ဆီဆိုင်တွေက ဆီထပ်ဖြည့်ပေးဖို့ မလုပ်ပေးတဲ့ဆိုင်တွေ ရှိသလို တချို့ဆိုင်တွေမှာ ဆီရဖို့၊တန်းစီဖို့ အပြောခံရတာတွေလည်း ရှိတယ်လို့ လူမှုကူညီရေး တဖွဲ့က သူတို့အတွေ့အကြုံကို ပြောပြပါတယ်။
“လူနာလည်းပါတယ်။ လူနာကလည်း အရေးပေါ်ဖြစ်နေတာပဲ။ ဒါကိုတောင်မှ ရှိခိုးဦးတင် ပြောတာတောင် ဆီမထည့်ပေးတဲ့ ဆိုင်တွေရှိတယ်။ ဒီခရီး ဒီခရီးဟာ အသွားတကြောင်းတင် အနည်းဆုံး ၁ သိန်းဖိုး ကုန်တယ်။ လမ်းမှာ ဆီဆိုင် ၅ ဆိုင်လောက်က ကူညီပေးရင်ကို စိတ်အေးရတယ်။ ညောင်တုန်းရောက်ခါနီးမှာ ရွာထဲဆင်းပြီး တဘူး(တလီတာ) ငါးထောင်နဲ့ လိုသလောက်ထည့်လို့ရလိုက်တယ် ” လို့ ဆိုပါတယ်။
အချို့ဆီဆိုင်တွေမှာ ဆီတန်းနေတဲ့ ကားတွေနဲ့ ဆီဆိုင်ဘက်က လူနာတင်ဆောင်လာတဲ့ ယာဉ်ကို ဆီရဖို့ တန်းစီခိုင်းတဲ့ ကိစ္စရပ်တွေ ရှိခဲ့တာကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီလို အခြေအနေမျိုးတွေကို ဝါးခယ်မမြို့၊ ဇလွန်မြို့၊ အင်္ဂပူမြို့၊ ကျုံပျော်မြို့နဲ့ ဓနုဖြူမြို့နယ်ထဲက ပရဟိတအဖွဲ့အစည်းတွေမှာလည်း ကြုံတွေ့နေရပါတယ်။
“ကျွန်မတို့က တရားဝင်မှတ်ပုံတင်ထားတယ်။ သူတို့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာတယ်။ ဆီကျတော့ ကျွန်မတို့ဘာမှ လုပ်လို့မရဘူးလေ။ သူတို့ရောင်းပေးမှ ရမှာပေါ့။ တကယ် အလုပ်လုပ်နေကြတဲ့ ပရဟိတ အဖွဲ့တွေအတွက် အစီအမံတမျိုး လုပ်ပေးစေချင်တယ် ” လို့ ကျုံပျော်မြို့က လူမှုကူညီရေး အဖွဲ့တခုက တာဝန်ရှိသူ တဦးက ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ စက်သုံးဆီပြတ်လပ်မှုနဲ့ ဆီဈေးတက်ကုန်တာကြောင့် စိုက်ပျိုး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ပရဟိတအဖွဲ့တွေရဲ့ လုပ်ငန်းဆောင်တာတွေမှာပါ ထိခိုက်လာနေတာ ဖြစ်ပါတယ်။
ဇလွန်မြို့နယ်က အနှိုင်းမဲ့အလင်း အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ကတော့ “ 23.3.2026ရက်နေမှစ၍ ကျွန်တော့်တို့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့လူနာတင်ကားဆီဝယ်မရသည့်အတွက် ကူညီမှုများ ရပ်ဆိုင်းထားပါမည်ခင်ဗျ ” လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် စစ်ကောင်စီကတော့ ဧရာဝတီတိုင်းက စစ်မျက်နှာတွေအပြင် နိုင်ငံအနှံ့က စစ်မျက်နှာတွေမှာပါ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက် လုပ်နေပါတယ်။