​​အီရန်ပဋိပက္ခကြောင့် အာရှနိုင်ငံတွေ ကျောက်မီးသွေးကို ပြန်လည်အားကိုးလာ

အာရှမှာ ကျောက်မီးသွေးဈေးနှုန်းဟာ အခုလထဲမှာ ၁၃.၂ ရာခိုင်နှုန်း တက်သွားပါတယ်။

၁၈၊ မတ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် ဆင်နွှဲတဲ့စစ်ပွဲကြောင့် ဟော်မုဇ် ရေလက်ကြားကတဆင့် ဓာတ်ငွေ့တင်ပို့မှုတွေ ပြတ်တောက်သွားပြီး ဓာတ်ငွေ့ဈေးနှုန်းတွေဟာလည်း သုံးနှစ်အတွင်းအမြင့်ဆုံးကို ရောက်ရှိသွားပါတယ်။

ဒါကြောင့် အာရှတလွှားက နိုင်ငံတွေဟာ စွမ်းအင်ထောက်ပံ့မှု ဆက်လက်လည်ပတ်စေရေးအတွက် ကျောက်မီးသွေးကို ပြန်ပြီးအသုံးပြုလာကြပါတယ်။

အာရှမှာ သဘာဝဓာတ်ငွေ့ရည် (LNG) ဈေးနှုန်းဟာ နှစ်ဆအထိ တက်သွားပါတယ်။ ဒါကိုကျွမ်းကျင်သူတွေကတော့ လေးနှစ်အတွင်း ဒုတိယအကြိမ်မြောက် ကြုံရတဲ့ အင်အားကြီးစွမ်းအင်ဂယက်ရိုက်မှုလို့ ခေါ်ဆိုနေကြပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ဓာတ်ငွေ့တင်ပို့တဲ့ ကာတာနိုင်ငံကလည်း တင်ပို့မှုတွေ ရပ်ဆိုင်းလိုက်တာကြောင့် ဒေသတွင်းအခြေအနေဟာ ပိုဆိုးသွားတာပါ။

အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အခုလထဲမှာ ကျောက်မီးသွေးကို ပိုပြီးအသုံးပြုနေသလို ပြည်ပကနေ ကျောက်မီးသွေးတင်သွင်းမှုကိုလည်း ပိုပြီးလုပ်ဆောင်နေပါတယ်။

ပါကစ္စတန် စွမ်းအင်ဝန်ကြီး အဝိုက်စ် လီဂါရီကလည်း ဓာတ်ငွေ့နဲ့ လျှပ်စစ်ထုတ်လုပ်မှုလျော့ကျသွားတဲ့အတွက် ပြည်တွင်းကထွက်တဲ့ လောင်စာနဲ့လည်ပတ်တဲ့ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံတွေမှာ ထုတ်လုပ်မှုကို မြှင့်တင်သွားမယ်လို့ ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။

အရှေ့တောင်အာရှမှာဆိုရင်လည်း ဖိလစ်ပိုင်နိုင်ငံဟာ ဓာတ်ငွေ့သုံးစွဲမှုကို လျှော့ချပြီး ကျောက်မီးသွေးကို ပိုသုံးလာပါတယ်။

ဗီယက်နမ်ကတော့ ကျောက်မီးသွေး ရရှိနိုင်မယ့်လမ်းကြောင်းအသစ်တွေကို ရှာဖွေနေပြီး ထိုင်းနိုင်ငံကလည်း ဓာတ်ငွေ့ချွေတာဖို့အတွက် သူတို့ရဲ့ အကြီးဆုံး ကျောက်မီးသွေးသုံး စက်ရုံကနေ လျှပ်စစ်မီးပိုထုတ်နေပါတယ်။

တောင်ကိုရီးယားနိုင်ငံကတော့ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်လုပ်မှုအပေါ် ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့နဲ့ နျူကလီးယားစွမ်းအင်ကို ပိုသုံးဖို့ စီစဉ်နေပါတယ်။

ဂျပန်နိုင်ငံရဲ့ အကြီးဆုံး လျှပ်စစ်ကုမ္ပဏီဖြစ်တဲ့ JERA ကလည်း သူတို့ရဲ့ ကျောက်မီးသွေးသုံးစက်ရုံတွေကို အရှိန်အပြည့်နဲ့ ဆက်လက်လည်ပတ်သွားမယ်လို့ ပြောပါတယ်။

အခုစစ်ပွဲတွေ ရပ်သွားရင်တောင် ဓာတ်ငွေ့ဈေးနှုန်းတွေဟာ အချိန်အတော်ကြာ မြင့်တက်နေဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် အာရှတလွှားမှာ ဓာတ်ငွေ့ဝယ်ယူသုံးစွဲဖို့ကို လူတွေ နှစ်ရှည်လများအထိ လက်တွန့်သွားစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

အရှေ့အလယ်ပိုင်းရဲ့ စွမ်းအင်တင်ပို့မှု ပြဿနာဟာ နှစ်လလောက်အထိ ကြာသွားမယ်ဆိုရင်၂၀၂၆ ခုနှစ်မှာ အာရှရဲ့ ဓာတ်ငွေ့တင်သွင်းမှုဟာ မူလခန့်မှန်းထားတဲ့ တန်ချိန် ၁၂.၄ သန်းကနေ ၅သန်းလောက်အထိ လျော့ကျသွားနိုင်တယ်လို့ ကမ္ဘာ့စွမ်းအင်နဲ့ သယံဇာတ ဈေးကွက် စောင့်ကြည့်ရေးအဖွဲ့ Wood Mackenzie အဖွဲ့က ခန့်မှန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် Summit Group ရဲ့ ဥက္ကဋ္ဌ အဇစ်ခန်းက “စွမ်းအင်စရိတ်တွေ တက်လာတာဟာ ဆင်းရဲတဲ့နိုင်ငံတွေကို အပြင်းထန်ဆုံး ရိုက်ခတ်နေပါတယ်။ ဒါဟာ ဆင်းရဲတဲ့နိုင်ငံတွေရဲ့စီးပွားရေးကျောရိုးကို ရိုက်ချိုးနေတာပဲ” လို့ ရိုက်တာကို ပြောပါတယ်။

အာရှမှာ ကျောက်မီးသွေးဈေးနှုန်းဟာ အခုလထဲမှာ ၁၃.၂ ရာခိုင်နှုန်း တက်သွားပါတယ်။

ဒါပေမဲ့တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယားလို ဝယ်လက်ကြီးတွေမှာ ကျောက်မီးသွေး အရန်သင့်စုဆောင်းထားတာတွေရှိသလို ရေရှည်စာချုပ်တွေလည်း ရှိနေတာကြောင့် ဈေးနှုန်းအရမ်းတက်မသွားအောင် ထိန်းထားနိုင်တာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

စွမ်းအင်ဆိုင်ရာ သုတေသနအဖွဲ့ IEEFA က ဆမ် ရေးနိုးလ်စ်ကတော့ အခုလို အကျပ်အတည်းတွေဟာ ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးစွဲဖို့အတွက် ပိုပြီးတွန်းအားဖြစ်စေတယ်လို့ ပြောပါတယ်။

 

Ref – Eastern Eye