
“ကင်ဂျုံအန်းအနေနဲ့ အမေရိကန်နဲ့ ဒါမှမဟုတ် သူ (ထရမ့်) နဲ့ စကားပြောချင်စိတ် ရှိမရှိဆိုတာကို သိချင်တယ်လို့ သမ္မတထရမ့်က ပြောပြီး အဲဒီအပေါ် ကျွန်တော့်အမြင်ကိုမေးခဲ့ပါတယ်” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
၁၄၊ မတ်။
ဝါရှင်တန်မှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ တောင်ကိုရီးယား ဝန်ကြီးချုပ် ကင်မင်ဆော့နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်မယ့်အခြေအနေကို ဆွေးနွေးခဲ့ကြတယ်လို့ Yonhap သတင်းဌာနက မတ်လ ၁၄ ရက်နေ့၊စနေနေ့မှာ ဖော်ပြထားပါတယ်။
သမ္မတထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဆွေးနွေးဖူးတဲ့ တဦးတည်းသော အနောက်ခေါင်းဆောင် ဖြစ်သလို လက်ရှိ ကိုရီးယားကျွန်းဆွယ် ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ထရမ့်ကို ပြောကြားခဲ့ကြောင်း ဝါရှင်တန်မှာ သတင်းထောက်တွေကို ပြောပြချက်အရ သိရပါတယ်။
“ကင်ဂျုံအန်းအနေနဲ့ အမေရိကန်နဲ့ ဒါမှမဟုတ် သူ (ထရမ့်) နဲ့ စကားပြောချင်စိတ် ရှိမရှိဆိုတာကို သိချင်တယ်လို့ သမ္မတထရမ့်က ပြောပြီး အဲဒီအပေါ် ကျွန်တော့်အမြင်ကိုမေးခဲ့ပါတယ်” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
ဝန်ကြီးချုပ်က ထရမ့်ကို ဘယ်လိုအကြံပြုချက်တွေ ပေးခဲ့တယ်ဆိုတာကို အသေးစိတ်မပြောခဲ့ပေမဲ့ မြောက်ကိုရီးယားရဲ့ မကြာသေးခင်က ပြောဆိုချက်တွေအရ ကင်ဂျုံအန်းအနေနဲ့ အမေရိကန်နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိနေနိုင်ကြောင်း ပြောပြခဲ့တယ်လို့Yonhap က ဆိုပါတယ်။
ဒီအကြောင်းအရာအပေါ် သမ္မတထရမ့်က စိတ်ဝင်တစား ရှိခဲ့တယ်လို့လည်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောပါတယ်။
သမ္မတထရမ့်ဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေတုန်းက မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ သုံးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေဖို့နဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်တွေကို အဆုံးသတ်ဖို့ကြိုးပမ်းခဲ့ပေမဲ့ ထရမ့် ရာထူးကနေ ဆင်းသွားချိန်မှာတော့ အဆိုပါ ဆွေးနွေးပွဲတွေရပ်တန့်သွားခဲ့ပါတယ်။
တောင်ကိုရီးယား အရာရှိတဦးက သောကြာနေ့မှာ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ်နဲ့ ထရမ့်တို့ရဲ့ အစည်းအဝေးကို အတည်ပြုပေးခဲ့ပေမဲ့ တခြားအသေးစိတ် အချက်အလက်တွေကိုတော့ မပြောပါဘူး။ ဆိုးလ်မြို့မှာရှိတဲ့ ဝန်ကြီးချုပ်ရုံးကတော့ အတည်ပြုချက်ရယူဖို့ဖုန်းခေါ်ဆိုမှုတွေကို ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
ကြိုတင်အသိပေးခြင်း မရှိဘဲ ပြုလုပ်ခဲ့တဲ့ အဆိုပါ အစည်းအဝေးနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။ အစည်းအဝေးဟာဝန်ကြီးချုပ်က အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်နဲ့ ကြာသပတေးနေ့က တွေ့ဆုံအပြီး တရက်အကြာမှာ ပြုလုပ်ခဲ့တာပါ။
တောင်ကိုရီးယား အစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ကတိကဝတ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်တဲ့ ဥပဒေကြမ်းကိုတောင်ကိုရီးယား လွှတ်တော်က အခုတပတ်မှာ အတည်ပြုပေးလိုက်တာဟာ နှစ်နိုင်ငံခေါင်းဆောင်တွေ ရရှိထားတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အစိုးရရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို ပြသလိုက်တာဖြစ်တယ်လို့ ဒုသမ္မတ ဗန့်စ်ကို ပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
ဒုသမ္မတ ဗန့်စ်ကလည်း အဆိုပါ ဥပဒေကြမ်း အတည်ဖြစ်လာတာကို ကြိုဆိုကြောင်းနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ဥပဒေကြောင်းအရ အခြေအနေတွေကို ဖန်တီးပေးလိုက်တာဖြစ်ကြောင်း၊ အဆိုပါ ကိစ္စနဲ့ပတ်သက်လို့ နှစ်နိုင်ငံအစိုးရတွေက ဆက်လက်ပြီး အနီးကပ် ဆက်သွယ်ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ဆိုပါတယ်။
ဇန်နဝါရီလနှောင်းပိုင်းတုန်းကတော့ အမေရိကန်ရဲ့ အခွန်နှုန်းထားကို ၁၅ ရာခိုင်နှုန်းမှာ ကန့်သတ်ထားတဲ့ ကုန်သွယ်မှု မူဘောင်ကို ဆိုးလ်လွှတ်တော်က အတည်မပြုသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တောင်ကိုရီးယား ကုန်ပစ္စည်းတွေအပေါ် အခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
ဆိုးလ်နဲ့ ဝါရှင်တန်တို့ဟာ စစ်ရေးအရ အလွန်ရင်းနှီးတဲ့ မဟာမိတ်တွေဖြစ်ပြီး အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၀၀၀ ကျော်ဟာ တောင်ကိုရီးယားမှာ တပ်စွဲထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်ရဲ့ ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ်တချို့ကို အိုဆန်လေတပ်စခန်းကနေရွှေ့ပြောင်းလိုက်ပြီး ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာရှိတဲ့ အမေရိကန်စခန်းတွေဆီ ပို့ဆောင်ဖို့ရှိနေတယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြထားပါတယ်။
Ref – Reuters