ဧရာဝတီတိုင်းအတွက် ဒီလေးရက်အတွင်း ထူးခြားမိုးလေဝသဖြစ်စဉ်တွေကို သတိထားဖို့လို

“ကျွန်တော်တို့က ဘာကိုကြည့်ရမလဲဆို မိုးတိမ်တောင်တွေ ဖြစ်လာပြီလားပေါ့။ ပုံမှန်အားဖြင့်တော့ မိုးဦးကာလတွေမှာ အဖြစ်များတယ်။ မိုးတိမ်တောင်တွေ ဖြစ်လာပြီဆိုရင် မိုးသီးကြွေတာ လေပြင်းတိုက်တာတွေ မဖြစ်ရင်တောင် မိုးကျလာနိုင်တယ်ပေါ့။ အခုက ဧရာဝတီမှာ မိုးဖွဲကျမယ်ဆိုပေမယ့် ကျမယ့်အချိန်က ကြာနိုင်တယ်။ ကြာရင် ရိတ်သိမ်းပြီး၊ ရိတ်သိမ်းဆဲတွေ ပြဿနာဖြစ်နိုင်တယ် ”

၁၃၊ မတ်လ။

ဧရာဝတီတိုင်းမှာ မိုးဖွဲကျနိုင်ချေဟာ ၁၆ ရက်နေ့ထိ ရှိလာနိုင်ပြီး ရုတ်တရက် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် မိုးဖွဲသာမက မိုးသီးကြွေခြင်းနဲ့ စိုက်ဆင်းလေပြင်းတိုက်ခတ်ခြင်းစတဲ့ ထူးခြားတဲ့ မိုးလေဝသဖြစ်စဉ်တွေကို သတိထားသင့်တယ်လို့ မိုးဇလ ပညာရှင်တွေက သတိပေးထားပါတယ်။

ကပ္ပလီပင်လယ်/ဘင်္ဂလားပင်လယ်အော်တို့မှ တဆင့် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကို ဖြတ်သန်းဝင်ရောက်လာတဲ့ လေစီးကြောင်းနဲ့ အတူပါလာတဲ့  မိုးတိမ်တွေဟာ အပူချိန်မြင့်နေတဲ့ နေရာကိုအရောက်မှာ မိုးတိမ်တောင်ကြီးတွေ ဖြစ်ပေါ်လာပါတယ်။

ဒီလိုမိုးတိမ်တောင်ကြီးတွေ ဖြစ်ပေါ်လာပြီးတဲ့နောက် မိုးဖွဲအဖြစ်ကျဆင်းလာမယ့် ရေခဲဖွဲ့မှုတွေကြောင့် လေစီးကြောင်းဟာ စိုစွတ်လာပြီး စိုက်ဆင်းလေပြင်းအဖြစ် တိုက်ခတ်လာနိုင်သလို ရေခဲဖွဲ့မှုဟာ အပူချိန်ကြောင့် လုံလုံလောက်လောက် အရည်မပျော်နိုင်ပဲ အခဲအဖြစ်ကျလာတာကြောင့် မိုးသီးကြွေခြင်း ဖြစ်စဉ်ကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလေစီးကြောင်းနဲ့ မိုးတိမ်တွေရှိနေမယ့် မတ်လ ၁၆ ရက်နေ့အထိ ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ မိုးဖွဲကျခြင်းနဲ့ မိုးသီးကြွေခြင်းဖြစ်စဉ်တွေကို ဂရုစိုက်ဖို့လိုတယ်လို့ မိုးဇလ ပညာရှင်တွေက သတိပေးထားကြတာ ဖြစ်ပါတယ်။

မိုးဇလ ပညာရှင် ဦးဝင်းနိုင်ကတော့ “ ဒီမိုးတိမ်တောင်ကြီးတွေက အရှေ့မြောက်ဘက်ကိုတက်သွားမှာပါ။

လက်ရှိ နေ့အပူချိန်ကြောင့် မြန်မာနိုင်ငံ တောင်ဘက်ဒေသတွေမှာက မိုးများများရွာဘို့ မဖြစ်နိုင်ပါ။

မိုးတိမ်တောင်ကြီးများက ကျလာတဲ့ မိုးသီးနဲ့ ရုတ်တရက်တိုက်တတ်တဲ့ လေပြင်း(စိုက်ဆင်းလေပြင်း) တွေကိုတော့ သတိထားရပါမယ်။ ၁၆-၁၇-၁၈ ရက်နေ့တွေမှာ အခုဖြစ်တဲ့ ထူးခြားဖြစ်စဉ်တွေ တနိုင်ငံလုံးအတွက် ပြီးသွားနိုင်ပါမယ် ” လို့ ဆိုပါတယ်။

အခု ဖြတ်သန်းရမယ့်နွေရာသီမှာ အပူလွန်ကဲတဲ့ အစွန်းရောက် ရာသီဥတု အယ်နီညို ဖြစ်နိုင်ချေ မရှိပေမယ့် အပူချိန်လျော့ပါးဖို့လည်း မရှိတာကြောင့် နွေရာသီမှာ ဝင်ရောက်လာတတ်တဲ့ လေစီးကြောင်းနဲ့ မိုးတိမ်တွေကြောင့် အခုလိုဖြစ်စဉ်တွေကတော့ ရှိလာနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးဇလ ဌာနက ဝန်ထမ်းတဦးက ရှင်းပြပါတယ်။

“ကျွန်တော်တို့က ဘာကိုကြည့်ရမလဲဆို မိုးတိမ်တောင်တွေ ဖြစ်လာပြီလားပေါ့။ ပုံမှန်အားဖြင့်တော့ မိုးဦးကာလတွေမှာ အဖြစ်များတယ်။ မိုးတိမ်တောင်တွေ ဖြစ်လာပြီဆိုရင် မိုးသီးကြွေတာ လေပြင်းတိုက်တာတွေ မဖြစ်ရင်တောင် မိုးကျလာနိုင်တယ်ပေါ့။ အခုက ဧရာဝတီမှာ မိုးဖွဲကျမယ်ဆိုပေမယ့် ကျမယ့်အချိန်က ကြာနိုင်တယ်။ ကြာရင် ရိတ်သိမ်းပြီး၊ ရိတ်သိမ်းဆဲတွေ ပြဿနာဖြစ်နိုင်တယ် ” လို့ ဆိုပါတယ်။

လက်ရှိ ရာသီဥတုဖြစ်စဉ်တွေအရ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသမတွေမှာ မိုးသည်းထန်နိုင်ပြီး တောင်ကျချောင်းရေ ကျဆင်းနိုင်တာကြောင့် ရုတ်ချည်းရေကြီးနိုင်ခြင်း (Flash-Flood) ကို သတိထား စောင့်ကြည့်ဖို့လိုတယ်လို့လည်း မိုးဇလ ပညာရှင်တွေက သတိပေးထားပါတယ်။