
အဆိုပါ သင်္ဘောဟာ ယူအေအီး ခါလီဖာဆိပ်ကမ်းကနေ ထွက်ခွာလာပြီးနောက် ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်နေစဉ်မှာပဲတိုက်ခိုက်ခံခဲ့ရတာလို့ ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၂၊ မတ်။
ဟော်မုဇ်ရေလက်ကြားအတွင်း ခုတ်မောင်းနေတဲ့ ထိုင်းအခြေစိုက် ကုန်တင်သင်္ဘောတစင်းဟာ မတ်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ကတိုက်ခိုက်ခံခဲ့ရပြီး လက်ရှိအထိ သင်္ဘောသား အယောက် ၂၀ ကို ကယ်တင်ထားနိုင်ပြီလို့ ထိုင်းရေတပ်က ပြောပါတယ်။
ထိုင်းတော်ဝင်ရေတပ်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာတော့ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Mayuree Naree အမည်ရ သင်္ဘောရဲ့ ကိုယ်ထည်နဲ့ အပေါ်ပိုင်း အဆောက်အအုံ နေရာတွေမှာ မီးခိုးအမည်းရောင်တွေ အလိပ်လိုက် ထွက်နေတာကို မြင်ရပါတယ်။
ရေထဲမှာလည်း အသက်ကယ်လှေတွေ မျောနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ သင်္ဘောဟာ ယူအေအီး ခါလီဖာဆိပ်ကမ်းကနေ ထွက်ခွာလာပြီးနောက် ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်နေစဉ်မှာပဲတိုက်ခိုက်ခံခဲ့ရတာလို့ ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“တိုက်ခိုက်ခံရတဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ဘာကြောင့် တိုက်ခိုက်ခံရသလဲ ဆိုတာကိုတော့ လက်ရှိမှာ စုံစမ်းစစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်” လို့လည်း ထပ်လောင်းပြောကြားထားပါတယ်။
အိုမန်ရေတပ်က သင်္ဘောသား ၂၀ ကို ကယ်ထုတ်နိုင်ခဲ့ပြီး “ကျန်ရှိနေတဲ့ သင်္ဘောသား သုံးယောက်ကို ကယ်တင်နိုင်ဖို့အတွက်လည်း ဆက်လက် ကြိုးပမ်းနေတယ်” လို့ ဆိုပါတယ်။
ထိုင်းသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ သင်္ဘောသားတွေဟာ အသက်ကယ်လှေနဲ့ သင်္ဘောပေါ်ကနေ စွန့်ခွာခဲ့ကြပြီး အိုမန်ရေတပ်က သူတို့ကို ကယ်ထုတ်ခဲ့တာလို့ ပြောပါတယ်။
သင်္ဘောရဲ့ ပဲ့ပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သင်္ဘောသား သုံးဦး အလုပ်လုပ်နေတဲ့ အင်ဂျင်ခန်းထဲမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။
အဆိုပါ သင်္ဘောဟာ ထိုင်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Precious Shipping ပိုင်ဆိုင်တာလို့ ထိုင်းရေတပ်ကအတည်ပြုပါတယ်။
အဆိုပါကုမ္ပဏီကတော့ ပျောက်ဆုံးနေတဲ့ သင်္ဘောသား သုံးဦးကို ကယ်တင်နိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ကယ်တင်ထားတဲ့ သင်္ဘောသား ၂၀ ဦးကတော့ ဘေးကင်းရာကို ရောက်ရှိသွားပြီဖြစ်ပြီး အခုဆိုရင် အိုမန်နိုင်ငံ ကမ်းခြေပေါ်မှာ ရှိနေပါပြီ။
သင်္ဘောဟာ ပစ်လွှတ်လိုက်တဲ့ လက်နက်နှစ်ခု ဒါမှမဟုတ် ဒုံးကျည်နှစ်ခု ထိမှန်ခံခဲ့ရတာလို့လည်း ကုမ္ပဏီဘက်ကထပ်လောင်းပြောပါတယ်။
အီရန်ဟာ ရေနံတင်ပို့နေတဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့တာပါ။ ဒါဟာ ဟော်မုဇ်ရေလက်ကြားကသင်္ဘောသွားလာရေးလမ်းကြောင်းကို ခြိမ်းခြောက်နေသလို ကမ္ဘာ့စွမ်းအင်စီးပွားရေးကိုလည်း အကျပ်အတည်းဆိုက်စေပါတယ်။
ဒီဖြစ်စဉ်ဟာ ဗုဒ္ဓဟူးနေ့က ပင်လယ်ကွေ့အတွင်း တိုက်ခိုက်ခံရတယ်လို့ ဗြိတိန်ရေကြောင်း ကုန်သွယ်မှု စောင့်ကြည့်ရေးအဖွဲ့(UKMTO) က သတင်းထုတ်ပြန်ခဲ့တဲ့ ကုန်သည်သင်္ဘော သုံးစင်းထဲက တစင်း ဟုတ်မဟုတ် ဆိုတာကိုတော့ ချက်ချင်းရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သင်္ဘောသွားလာမှု စောင့်ကြည့်တဲ့ ဝက်ဘ်ဆိုက်တွေရဲ့ အဆိုအရ Mayuree Naree သင်္ဘောဟာ ဟော်မုဇ်ရေလက်ကြားထဲက အိုမန်ကမ်းလွန်မှာ ရှိနေပြီး တနာရီကို ရေမိုင် တမိုင်နှုန်းလောက်နဲ့ နှေးကွေးစွာ ရွေ့လျားနေတယ်လို့ ဆိုပါတယ်။
သင်္ဘောဟာ အရှည် ၁၇၈ မီတာ ရှိပြီး တန်ချိန် ၃၀,၀၀၀ တင်ဆောင်နိုင်ပြီး အိန္ဒိယနိုင်ငံ ကန်ဒလာ ဆိပ်ကမ်းကို ဦးတည်မောင်းနှင်နေတာလို့ သိရပါတယ်။
Ref -AFP