
အမေရိကန်ရေတပ်ဟာ အင်္ဂါနေ့ညက အိန္ဒိယသမုဒ္ဒရာထဲမှာ အီရန်ဖရီးဂိတ်စစ်သင်္ဘော IRIS Dena ကို နှစ်မြှုပ်ခဲ့တာကြောင့် အီရန်ရေတပ်သားအနည်းဆုံး ၈၇ ဦး သေဆုံးခဲ့ပါတယ်။
၅၊ မတ်။
အီရန်နိုင်ငံဟာ ကြာသပတေးနေ့မနက်ပိုင်းမှာ အစ္စရေးနဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှုအသစ်တွေ အဆက်မပြတ် ပြုလုပ်ခဲ့ပါတယ်။
အိန္ဒိယသမုဒ္ဒရာထဲမှာ အီရန်စစ်သင်္ဘောတစင်းကို တော်ပီဒိုနဲ့ ပစ်ခတ်နှစ်မြှုပ်ခဲ့တဲ့အတွက် အမေရိကန်အနေနဲ့ ခါးခါးသီးသီးနောင်တရစေရမယ်လို့ အီရန်က ခြိမ်းခြောက်လိုက်သလို ဘာသာရေးခေါင်းဆောင်တဦးကလည်း ထရမ့်ရဲ့ အသက်သွေးကိုလည်း တောင်းဆိုလိုက်ပါတယ်။
တချိန်တည်းမှာပဲ အစ္စရေးကလည်း တီဟီရန်မြို့ပေါ်ကို အကြီးအကျယ်တိုက်ခိုက်မှုတွေ စတင်နေပြီလို့ ပြောပါတယ်။
ဒုံးကျည်တွေနဲ့ အကြိမ်ကြိမ် အတိုက်ခံနေရတယ်လို့ အစ္စရေးက ထုတ်ပြန်ထားပြီး တဲလ်အဗီးနဲ့ ဂျေရုဆလင်မြို့တွေမှာ လေကြောင်းရန်သတိပေးဥဩသံတွေ ထွက်ပေါ်နေပါတယ်။
အမေရိကန်စခန်းတွေကိုလည်း ထပ်တိုးတိုက်ခိုက်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်ရုပ်သံက ဆိုပါတယ်။
အစ္စရေးစစ်တပ်ကတော့ လက်ဘနွန်မှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို အီရန်မြို့တော်မှာရှိတဲ့ အခြေခံအဆောက်အအုံတွေကို အကြီးအကျယ် လှိုင်းလုံးကြီးသဖွယ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အသေးစိတ်မပြောဘဲ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် သိပ်မကြာခင်မှာပဲ တီဟီရန်မြို့ရဲ့ နေရာအတော်များများမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပါတယ်။ အမေရိကန်ရေတပ်ဟာ အင်္ဂါနေ့ညက အိန္ဒိယသမုဒ္ဒရာထဲမှာ အီရန်ဖရီးဂိတ်စစ်သင်္ဘော IRIS Dena ကို နှစ်မြှုပ်ခဲ့တာကြောင့် အီရန်ရေတပ်သားအနည်းဆုံး ၈၇ ဦး သေဆုံးခဲ့ပါတယ်။
အဆိုပါ လုပ်ရပ်ဟာ ပင်လယ်ပြင် ရက်စက်ကြမ်းကြုတ်မှုဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီကကြာသပတေးနေ့မှာ ရှုတ်ချလိုက်ပါတယ်။
“သင်္ဘောသား ၁၃၀ နီးပါး တင်ဆောင်လာတဲ့၊ အိန္ဒိယရေတပ်ရဲ့ ဧည့်သည်တော်အဖြစ် ရောက်နေတဲ့ ဖရီးဂိတ်သင်္ဘော Dena ဟာနိုင်ငံတကာရေပိုင်နက်ထဲမှာ ဘာ သတိပေးချက်မှမရှိဘဲ အတိုက်ခံခဲ့ရတာပါ” လို့ သူက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
“ကျုပ်ပြောတာ မှတ်ထားလိုက်ပါ၊ အခုလို စံနမူဆိုးလုပ်ရပ်အတွက် အမေရိကန်ဟာ ခါးခါးသီးသီး နောင်တရပါလိမ့်မယ်”လို့ ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ ပြီးခဲ့တဲ့ စနေနေ့က စစ်ပွဲကို စတင်ခဲ့တာဖြစ်ပြီး အီရန်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားကာ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီကို လုပ်ကြံခဲ့သလို ဒုံးကျည်သိုလှောင်ရုံတွေနဲ့ နျူကလီးယားစီမံကိန်းတွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
သက်ဆိုင်ရာနိုင်ငံတွေရဲ့ ထုတ်ပြန်ချက်အရ ဒီစစ်ပွဲကြောင့် အီရန်မှာ လူပေါင်း ၁,၀၀၀ ကျော်၊ လက်ဘနွန်မှာ ၇၀ ကျော်နဲ့အစ္စရေးမှာ ၁၂ ဦးဝန်းကျင် သေဆုံးခဲ့ပါတယ်။ စစ်ပွဲကြောင့် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုတွေ ပြတ်တောက်နေသလို နိုင်ငံတကာ သင်္ဘောလိုင်းတွေလည်း ပရမ်းပတာဖြစ်ကုန်ပြီး အရှေ့အလယ်ပိုင်းမှာ ခရီးသွား သိန်းနဲ့ချီ သောင်တင်နေပါတယ်။
ကာတာနိုင်ငံကတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒိုဟာမှာရှိတဲ့ အမေရိကန်သံရုံးအနီးက နေထိုင်သူတွေကို ယာယီရွှေ့ပြောင်းပေးထားပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့မှာလည်း မနက်အစောပိုင်းက တိုက်လေယာဉ်တွေ ပျံသန်းသံကိုကြားခဲ့ရပါတယ်။
ဆော်ဒီအာရေဗျကတော့ ဂျော်ဒန်နဲ့ ထိစပ်နေတဲ့ နယ်စပ်မှာ ဒရုန်းတစင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ကူဝိတ်ကမ်းလွန်မှာလည်း တိုက်ခိုက်မှုအသစ်တခု ဖြစ်ပွားခဲ့တာကြောင့် ကုန်သွယ်ရေးသင်္ဘောတွေအတွက် အန္တရာယ်ရှိတဲ့ ဧရိယာက ပိုပြီးကျယ်ပြန့်လာတဲ့ပုံ ပေါ်ပါတယ်။
စနေနေ့ကတည်းက စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ အိုမန်ပင်လယ်ကွေ့နဲ့ ဟော်မုဇ် ရေလက်ကြားတွေမှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီရေလက်ကြားဟာ ပါရှန်ပင်လယ်ကွေ့ကို ဆက်သွယ်ထားပြီး ကမ္ဘာ့ရေနံ တင်ပို့မှု ငါးပုံတပုံလောက် ဖြတ်သန်းသွားလာရာ နေရာလည်း ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ရေနံဈေး ခုန်တက်တာ ရပ်သွားပြီး အမေရိကန်စီးပွားရေး အခြေအနေကောင်းတဲ့ သတင်းတွေကြောင့် အမေရိကန်စတော့ရှယ်ယာတွေ ပြန်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကြာသပတေးနေ့ အစောပိုင်းမှာ ရေနံဈေးတွေ ပြန်တက်လာပြီး နိုင်ငံတကာစံနှုန်းဖြစ်တဲ့ Brent ရေနံစိမ်းဈေးဟာ စစ်ပွဲစကတည်းကဆိုရင် ၁၅ ရာခိုင်နှုန်းလောက် မြင့်တက်သွားပါပြီ။ ဒါဟာ အီရန်ရဲ့တိုက်ခိုက်မှုတွေကြောင့် ရေလက်ကြားက သွားလာရေးတွေ ပြတ်တောက်ကုန်တာကြောင့်လည်း ဖြစ်ပါတယ်။