ဧရာဝတီရဲ့ အကျဉ်းထောင် ငါးခုကနေ နိုင်/ကျဉ်း နှစ်ရာ့ခြောက်ဆယ်လွတ်မြောက်

“ လွတ်/ငြိမ်း ရှိတာမသိဘူး။ အခုတော့ အဆက်သွယ်ရပြီး သွားနေပြီ။ သူလည်း သူလွတ်မယ့်ကိစ္စကို မသိဘူးလို့ပြောတယ်။ ဘာပဲဖြစ်ဖြစ် လွတ်လာတာကောင်းတာပေါ့ ”

၀၂၊ မတ်လ။

စစ်ကောင်စီရဲ့ လွတ်/ငြိမ်းသက်သာနဲ့ ဒီကနေ့ ညနေ ၆ နာရီထိ ဧရာဝတီတိုင်းက ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြ၊ ဖျာပုံ ထောင်တွေကနေ လွတ်မြောက်လာသူတွေဟာ ၂၆၀ ဦးရှိပါတယ်။

DNA က စာရင်းပြုစုထားတဲ့ စာရင်းတွေ အရ ပုသိမ်ထောင်က ၈၀ ဦး၊ ဟင်္သာတထောင်က ၁၂၀ ဦး၊ မအူပင်ထောင်က ၄၆ ဦး၊ မြောင်းမြထောင်က ၈ ဦး နဲ့ ဖျာပုံထောင်က ၆ ဦး လက်ရှိလွတ်မြောက်လာခဲ့တာပါ။

“ကျွန်မတို့တော့ စောင့်နေတုန်းပဲ လွတ်စာရင်းမှာတော့ ပါတယ်ပြောတယ်။ ဒါပေမယ့် ခုထိတော့ မလွတ်လာသေးဘူး။ လွတ်သွားတဲ့သူတွေလည်း များပေမယ့် ကိုယ်သိတဲ့သူက နည်းတော့ နိုင်/ကျဉ်း ဟုတ် မဟုတ် မပြောတတ်ဘူး ” လို့ မြောင်းမြအကျဉ်းထောင်ရှေ့မှာ မိသားစုဝင်ကို စောင့်နေသူ တဦးက ဆိုပါတယ်။

စစ်ကောင်စီက ဒီကနေ့ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) ဖြင့် ပြစ်ဒဏ်ကျခံနေသူ ၇၃၃၇ ဦးလွတ်ငြိမ်းသက်သာ ခွင့်ပေးပြီး တရားစွဲဆိုထားသူ ၁၂၄၈၇ ဦးကို အမှုရုပ်သိမ်းကြောင်းနဲ့ အမှုအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအကျဉ်းသူ ၂၈၂၅ ဦးနှင့် နိုင်ငံခြားသား ၁၀ ဦးတို့ကိုလည်း ခံဝန်ချက်များဖြင့် လွတ်ငြိမ်းခွင့်ပြုကြောင်း ဒီကနေ့ နံနက်ပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ယခု ညနေ ၆ နာရီထိ အကျဉ်းထောင် အသီးသီးကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၉၀၀ နီးပါးသာလွတ်မြောက်လာပါသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီစာရင်းဟာ လွတ်မြောက်လာကြောင်း အတည်ပြုထားနိုင်တဲ့ စာရင်းဖြစ်တယ်လို့ PPNM ကဆိုထားပါတယ်။ သူရဲ့စာရင်းထဲမှာတော့ ပုသိမ်၊ ဟင်္သာတနဲ့ မအူပင်ထောင်က လွတ်မြောက်လာသူတွေကိုသာ စာရင်းပြုစုထားနိုင်ပါသေးတယ်။

“ သူတို့ရေးထားတဲ့ ရေးထားချက်တွေကတော့ (စစ်ကောင်စီရဲ့ လွတ်/ငြိမ်းသက်သာ ထုတ်ပြန်ချက်) ဒီပုဒ်မတွေနဲ့ အကပ်ခံထားရတဲ့သူတွေ ဖြစ်တယ်ဆိုရင်တော့ အကုန်လုံးဟာ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် ဒီနေ့တရက်တည်းမှာ လွတ်လာဖို့က ဒီအရေအတွက်အရဆိုရင်တော့ အရမ်းနည်းနေသေးတယ် ဒါကြောင့် နောက်နေ့တွေကိုပါ ဆက်ပြီးစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ် ” လို့ PPNM ရဲ့  ဗဟိုဦးဆောင်ကော်မတီဝင်ဖြစ်သူ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ လွတ်/ငြိမ်း သက်သာအပြင် အထူးအမိန့်တွေနဲ့လည်း NLD ပါတီက အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို လွှတ်ပေးနေတာတွေ ရှိပြီး အမှုတချို့အတွက်လည်း ပြစ်ဒဏ် ၆ ပုံ ၁ ပုံလျော့ပေးထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့နဲ့ ပတ်သက်ပြီး စွဲဆိုထားတဲ့ ပြစ်မှုတွေကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။

“ လွတ်/ငြိမ်း ရှိတာမသိဘူး။ အခုတော့ အဆက်သွယ်ရပြီး သွားနေပြီ။ သူလည်း သူလွတ်မယ့်ကိစ္စကို မသိဘူးလို့ပြောတယ်။ ဘာပဲဖြစ်ဖြစ် လွတ်လာတာကောင်းတာပေါ့ ” လို့ မအူပင် အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ မောင်ဖြစ်သူကို ရန်ကုန်ကနေ သွားကြိုနေတဲ့ အစ်မဖြစ်သူက ငိုရင်းပြောပါတယ်။

တချို့လူတွေဟာ လွတ်စာရင်းမှာ ပါဝင်နေပေမယ့် လက်ရှိအချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးသလို တိုက်ပွဲတွေကြောင့် အကျဉ်းထောင်တွေပေါက်ပြီး လွတ်မြောက်သွားခဲ့သူတွေကိုပါ လွတ်/ငြိမ်း စာရင်းထဲမှာ ထည့်ထားခြင်း ရှိ/ မရှိကိုလည်း အတည်မပြုနိုင်သေးပါဘူး။

ပုံမှန်အားဖြင့် လွတ်/ငြိမ်းပေးလေ့မရှိတဲ့ တောင်သူလယ်သမားနေ့မှာ အခုလိုမျိုး နိုင်/ကျဉ်းချည်းပဲလို့ ယူဆရတဲ့ လူဦးရေ ၇ ထောင်ကျော်လွှတ်ပေးတာဟာ နိုင်ငံ‌ရေးအရ နိုင်ငံတကာကို လှည့်စားဖို့ ကြိုးစားတာသာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက မှတ်ချက်ပြုထားကြပါတယ်။

ဒါအပြင် စစ်ကောင်စီဟာ စစ်မှုထမ်းစုဆောင်းမှုတွေကိုလည်း အပြင်းအထန်လုပ်ဆောင်နေတာကြောင့် လွတ်မြောက်လာသူတွေအနေနဲ့ ဂရုတစိုက်နေထိုင်ကြပြီး သတင်းကို အမြဲနားစွင့်ထားကြဖို့ကိုလည်း သတိပေးထားကြပါတယ်။