တရုတ်အစိုးရက စစ်ဘက်ဆိုင်ရာ အရာရှိ ကိုးဦးကို ရာထူးကနေ ဖယ်ရှား

ဒါဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း စစ်တပ်ထဲက ထိပ်တန်းပုဂ္ဂိုလ်တွေကို ဆက်တိုက် ဖယ်ရှားရှင်းလင်းမှုတွေထဲက နောက်ဆုံးအခြေအနေလည်း ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းကလည်း ထိပ်တန်းဗိုလ်ချုပ်ကြီး ကိုးဦးကို ရာထူးကနေ ဖယ်ရှားခဲ့ပါသေးတယ်။

၂၈၊ ဖေဖော်ဝါရီ။

လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး နှစ်ပတ်လည် နိုင်ငံရေးအစည်းအဝေးကြီး မတိုင်ခင်မှာ စစ်ဘက်ဆိုင်ရာ ကိုးဦး အပါအဝင် အရာရှိ စုစုပေါင်း ၁၉ ဦးကို လွှတ်တော်ကိုယ်စားလှယ်စာရင်းကနေ ဖယ်ရှားလိုက်ပါတယ်။

ဒီလို ဖယ်ရှားလိုက်တာကို တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး ဥပဒေပြုအဖွဲ့ဖြစ်တဲ့ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီက ထုတ်ပြန်ကြေညာခဲ့တာပါ။

ဘာကြောင့် အခုလို ဖယ်ရှားရတယ်ဆိုတဲ့ တရားဝင်အကြောင်းပြချက်ကိုတော့ မပြောထားပါဘူး။ ဒါပေမဲ့ သမ္မတ ရှီကျင့်ဖျင်ကသူ့ရဲ့ အဆင့်အမြင့်ဆုံး စစ်ဗိုလ်ချုပ်ကြီးလည်းဖြစ်၊ အရင်းနှီးဆုံး စစ်ဘက်မဟာမိတ်လည်းဖြစ်တဲ့ ကျန်းယုံရှကို ရာထူးကနေဖယ်ရှားခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာမှာပဲ အခုလို ထပ်ဖြစ်လာတာပါ။

ရှီကျင့်ဖျင်ဟာ အာဏာရလာကတည်းက အဂတိလိုက်စားမှုကို ကွန်မြူနစ်ပါတီအတွက် “အကြီးမားဆုံး ခြိမ်းခြောက်မှု” လို့သတ်မှတ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှိုင်းတွေကို ဆက်တိုက် ဖော်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဝေဖန်သူတချို့ကတော့ ဒါဟာ နိုင်ငံရေးပြိုင်ဘက်တွေကို ဖယ်ရှားတဲ့ လက်နက်တခုအဖြစ် အသုံးချခံနေရတယ်လို့ ဆိုကြပါတယ်။

နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ရာထူးက ဖယ်ရှားခံရသူတွေထဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ကြည်းတပ်တပ်မှူး လီချောင်မင်နဲ့ ရေတပ်တပ်မှူးဟောင်း ရှန်ကျင်လုံတို့ ပါဝင်နေပါတယ်။

စာရင်းထဲမှာ တခြားစစ်ဘက်အရာရှိတွေနဲ့အတူ Inner မွန်ဂိုလီးယားဒေသရဲ့ ပါတီအကြီးအကဲဟောင်း ဆွန်ရှောင်ချုံအပါအဝင်ပြည်နယ်အဆင့် အရာရှိတချို့လည်း ပါဝင်နေပါတယ်။

ဒါဟာ ကျန်းယုံရှကို “စည်းကမ်းနဲ့ ဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တယ်” ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာထူးက ဖယ်ရှားပြီးရက်ပိုင်းအတွင်းမှာပဲ ဖြစ်လာတာပါ။ အဆိုပါစွပ်စွဲချက်ဟာ တရုတ်နိုင်ငံမှာတော့ အဂတိလိုက်စားမှုကို ရည်ညွှန်းတဲ့သံခင်းတမန်ခင်းသုံး စကားလုံးဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း စစ်တပ်ထဲက ထိပ်တန်းပုဂ္ဂိုလ်တွေကို ဆက်တိုက် ဖယ်ရှားရှင်းလင်းမှုတွေထဲကနောက်ဆုံးအခြေအနေလည်း ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းကလည်း ထိပ်တန်းဗိုလ်ချုပ်ကြီး ကိုးဦးကို ရာထူးကနေ ဖယ်ရှားခဲ့ပါသေးတယ်။

အဲဒီတုန်းကတော့ အာဏာပိုင်တွေက ဒါဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရှီကျင့်ဖျင်ဟာ ၂၀၁၃ မှာ အာဏာရပြီး မကြာခင်မှာပဲ အရာရှိကြီးရော အရာရှိငယ်တွေကိုပါ ပစ်မှတ်ထားတဲ့ ကျားနဲ့ ယင်ကောင်အဂတိတိုက်ဖျက်ရေး စီမံချက်ကို စတင်ခဲ့ပြီး ဒါကို သူ့ရဲ့ အုပ်ချုပ်ရေးမှာ အဓိကမဏ္ဍိုင်တခုအဖြစ် ထားရှိခဲ့တာပါ။ ဒီတိုက်ပွဲဟာဆိုးရွားပြီး ရှုပ်ထွေးနေဆဲပဲလို့ သူက မကြာခင်ကပဲ ပြောခဲ့ပါသေးတယ်။

ရှေ့အပတ်မှာတော့ အစည်းအဝေးကြီး နှစ်ရပ်အတွက် ကိုယ်စားလှယ် ထောင်ပေါင်းများစွာ ဘေဂျင်းမြို့တော်ကို ရောက်လာကြမှာပါ။ ဒါဟာ တရုတ်နိုင်ငံရဲ့ ဥပဒေပြုလွှတ်တော် (NPC) နဲ့ အမြင့်ဆုံး နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ (CPPCC) တို့ရဲ့ နှစ်ပတ်လည်အစည်းအဝေးတွေ ဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးတွေကို မတ်လ ၄ ရက်ကနေ ၁၁ ရက်အထိ ကျင်းပမှာဖြစ်ပြီး အစိုးရရဲ့ အဓိက မူဝါဒရည်မှန်းချက်တွေပါတဲ့ ငါးနှစ်စီမံကိန်းနဲ့ နှစ်စဉ် စီးပွားရေး ရည်မှန်းချက်တွေကို ကြေညာသွားမှာ ဖြစ်ပါတယ်။

Ref – BBC