ပါကစ္စတန်လေတပ်က အာဖဂန်မြို့တော်ကို ဗုံးကြဲတိုက်ခိုက်

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ရှရစ်ဖ်ကတော့ သူ့နိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အမြဲအသင့်ရှိနေပြီးရန်သူတွေကို ခြေမှုန်းပစ်ဖို့ အပြည့်အဝ စွမ်းဆောင်နိုင်တယ်လို့ ကြွေးကြော်ထားပါတယ်။

၂၇၊ ဖေဖော်ဝါရီ။

 ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံကြား လပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ပဋိပက္ခတွေဟာ အခုဆိုရင် အရှိန်အဟုန် မြင့်တက်လာပြီး ပါကစ္စတန်လေတပ်က အာဖဂန်မြို့တော် ကာဘူးလ်အပါအဝင် ပြည်နယ်တချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အထိ ဖြစ်လာပါတယ်။

 ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုရှာရော့ဖ် ဇိုင်ဒီရဲ့ အဆိုအရ ပါကစ္စတန်တပ်ဖွဲ့တွေဟာ အာဖဂန်တာလီဘန်၁၃၃ ဦးကို သုတ်သင်နိုင်ခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 ဒါ့အပြင် တာလီဘန်တို့ရဲ့ စစ်ဆေးရေးစခန်း ၂၇ ခုကို ဖျက်ဆီးနိုင်ခဲ့သလို တင့်ကားနဲ့ လက်နက်ကြီး အစင်း ၈၀ ကျော်ကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အာဖဂန်တာလီဘန်ဘက်ကတော့ ဒီသတင်းကို ငြင်းဆိုထားပြီး သူတို့ဘက်မှာ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။

တဆက်တည်းမှာပဲ တာလီဘန်ကာကွယ်ရေးဝန်ကြီးဌာနက သူတို့ဘက်ကလည်း ပါကစ္စတန်စစ်စခန်း ၁၉ ခုနဲ့ အခြေစိုက်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ပါကစ္စတန်စစ်သား ၅၅ ဦး သေဆုံးခဲ့တယ်လို့ တန်ပြန်ပြောဆိုထားပါတယ်။

ဒီကိန်းဂဏန်းတွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကာဘူးလ်မြို့ခံတဦးရဲ့ ပြောကြားချက်အရ “ပထမတော့ ငလျင်လှုပ်တယ်လို့ ထင်ခဲ့တာ၊ ပြီးတော့မှ ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရတယ်” လို့ ဆိုပါတယ်။

မြို့ပေါ်မှာ ပါကစ္စတန် ဂျက်တိုက်လေယာဉ်တွေ ပျံသန်းနေတာကို မြင်တွေ့ရပြီး မြို့ခံတွေဟာ ကြောက်လန့်တကြားနဲ့ တညလုံး မအိပ်ဘဲ စောင့်ကြည့်နေခဲ့ကြရပါတယ်။

နန်ဂါဟာပြည်နယ်ရှိ ဒုက္ခသည်စခန်းတခုကိုလည်း ပါကစ္စတန်ဘက်က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီး ခုနစ်ဦးအပါအဝင်ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ရှရစ်ဖ်ကတော့ သူ့နိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အမြဲအသင့်ရှိနေပြီးရန်သူတွေကို ခြေမှုန်းပစ်ဖို့ အပြည့်အဝ စွမ်းဆောင်နိုင်တယ်လို့ ကြွေးကြော်ထားပါတယ်။

ပါကစ္စတန်ဘက်က သူတို့နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေဟာ အာဖဂန်မြေပေါ်မှာ ခိုအောင်းနေတဲ့အကြမ်းဖက်သမားတွေကြောင့်လို့ စွပ်စွဲထားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲတို့က နှစ်နိုင်ငံလုံးကို အပြည်ပြည်ဆိုင်ရာဥပဒေတွေအတိုင်း လိုက်နာဖို့နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

အီရန်နိုင်ငံကလည်း ကြားဝင်စေ့စပ်ပေးဖို့ ကမ်းလှမ်းထားသလို ပါကစ္စတန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဆော်ဒီအာရေဗျကလည်းတင်းမာမှုတွေ လျှော့ချနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလကတည်းက တင်းမာခဲ့တဲ့ အဆိုပါ ပဋိပက္ခဟာ တူရကီနဲ့ ကာတာတို့ရဲ့ ကြားဝင်စေ့စပ်မှုကြောင့်ခေတ္တငြိမ်သက်ခဲ့ပေမဲ့ အခုတော့ စစ်ပွဲအသွင်ကို ကူးပြောင်းလာနေပါတယ်။

စစ်ရေးလေ့လာသူတွေကတော့ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ ပါကစ္စတန်ကို တာလီဘန်တွေအနေနဲ့ ပုံမှန်စစ်ပွဲတခုဆင်နွှဲဖို့ခဲယဉ်းလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

Ref – BBC