
“ရိုးပေါ်တက်ဖို့ အမတထဲကနေ စစ်ကြောင်းထိုးတာကို ကိုယ့်ဘက်က ဖြတ်တိုက်တာ၊ ဟိုဘက်ကနေလည်း ဝိုင်းပြီး တိုက်နေတယ်။
၂၆၊ ဖေဖော်ဝါရီ။
ဧရာ၀တီတိုင်း ငသိုင်းချောင်း မြောက်စမ်းရွာ အမြောက်တပ် (အမတ၃၄၄) အနီးဝန်းကျင်မှာ စစ်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ ။ အဲဒီ တိုက်ပွဲတွေကနေ စစ်တပ်ဘက်က စစ်သားတချို့ ထွက်ပြေးတာမျိုး ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တနေ့ကရော၊ မနေ့ကရော ထွက်ပြေးကြတယ်။ ပြည်သူ့စစ်တွေလို့ ပြောတယ် ထွက်ပြေးတာ။ ကိုးယောက်တဲ့။ တိုက်ပွဲကလည်း ပြင်းနေတော့ ကြောက်ပြီး ပြေးကြတာ။ နှစ်ယောက်လားမသိဘူး ပြန်ဖမ်းမိတယ်တဲ့၊ ကျန်တာ မမိ သေးဘူး၊ အသည်းအသန်တော့ လိုက်ရှာနေကြတယ်” လို့ ငသိုင်းချောင်းဒေသခံတဦးက ပြောပါတယ်။
အမတ ၃၄၄ ကာကင်းစခန်းတွေကနေ မနေ့က ဖေဖော်ဝါရီလ ၂၅ ရက်နဲ့ ဖေဖော်ဝါရီလ ၂၄ ရက် တွေအတွင်း စစ်တပ်ဘက်က ကိုးဦးထွက်ပြေးသွားခဲ့ပြီး အနီးဝန်းကျင် ရွာတွေမှာ လိုက်လံ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ဆို ပါတယ်။
အမတ ၃၄၄ နဲ့ ကာကင်းတွေ ရှိတဲ့ သီတာကုန်းပြင်ရွာအနီးဝန်းကျင်နဲ့ ငသိုင်းချောင်း – ဂွကားလမ်းပေါ် ရိုးမတောင်ခြေရှိ ကာကင်းစခန်းတွေကို AA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေကြတာပါ။
“ရိုးပေါ်တက်ဖို့ အမတထဲကနေ စစ်ကြောင်းထိုးတာကို ကိုယ့်ဘက်က ဖြတ်တိုက်တာ၊ ဟိုဘက်ကနေလည်း ဝိုင်းပြီး တိုက်နေတယ်။ ခွေးတွေ အသေအပျောက်များတယ်။ လေယာဉ်လည်း လာတယ်။ ဒီနေ့ ဂျက်တစီးနဲ့ လာချသွား တယ်” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ် တဦးက ပြောပါတယ်။
အဲဒီလို တိုက်ပွဲတွေ ပြင်းထန်နေချိန် အမတ ၃၄၄ ထဲကို ကျုံပျော် အခြေစိုက် ခလရ ၃၆ ဆီကနေ အင်အားဖြည့်တင်းတာတွေ ရှိနေပြီး အမတ ၃၄၄ ထဲကနေ ဒဏ်ရာရသူတွေကို သယ်ထုတ်နေတာကိုလည်း တွေ့ရတယ်လို့ ဒေ သခံတွေက ပြောကြပါတယ်။
ဧရာ၀တီတိုင်းအတွင်းက ရှေ့တန်းစစ်မျက်နှာတွေ ဖြစ်ကြတဲ့ သာပေါင်း၊ လေးမျက်နှာမြို့နယ်တို့ အတွင်းမှာလည်း စစ်တပ်ဘက်က ထွက်ပြေးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ရှိနေပြီး AA နဲ့ တော်လှန်ရေးတပ်တွေက ဖမ်းဆီး ရမိတာတွေလည်း ရှိနေပါတယ်။
လက်ရှိမှာ ဧရာ၀တီတိုင်း သာပေါင်း – ရွှေသောင်ယံလမ်းတလျှောက်၊ ပုသိမ် – မုံရွာလမ်းအနီးဝန်းကျင် လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ် အစပ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
စစ်ကော်မရှင်ဟာ အင်္ဂပူမြို့နယ်ဘက်ဆီ ချဉ်းကပ်လာတဲ့ AA ပူးပေါင်းတပ်ဖွဲ့ကို တားဆီးဖို့ အင်္ဂပူမြို့နယ် ထူးကြီး၊ ကွင်းကောက်မြို့တွေနဲ့ ပုသိမ် – မုံရွာ လမ်းမကြီးတလျှောက် ရွာတွေမှာ စစ်အင်အားတိုးပြီး၊ စခန်းအထိုင်ချတာတွေ လုပ်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
အခုအခါ ဧရာ၀တီတိုင်း ဂွ – ရွှေသောင်ယံ ကမ်းခြေတလျှောက် နေရာတွေ၊ ရခိုင်ရိုးမ တောင်ခြေတလျှောက် နေရာတွေ ၊ ပုသိမ် – မုံရွာ လမ်းတလျှောက် ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်အတွင်းရှိ နေရာတွေကို AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။
အဲဒီထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်တပ်က ကြည်း၊လေ အင်အား အလုံးအရင်းသုံးပြီး တန်ပြန် ထိုးစစ်ဆင်လာ တာကြောင့် လက်ရှိမှာ လေးမျက်နှာ၊ သာပေါင်း၊ ရေကြည် မြို့နယ်တို့ အတွင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေ တာဖြစ်ပါတယ်။