ဓနုဖြူနဲ့ ဟင်္သာတမြို့နယ်တွေမှာ ပဲခင်းတွေဝါပြီး အသီးမတင်လို့ ပဲမသိမ်းတဲ့သူတွေရှိနေ

“ သူက ဝါပြီဆိုရင် ဘာကြောင့်ပဲ ဝါဝါ အပင်ဝါတာနဲ့ အသီးမတင်တော့ဘူး။ ဒီတော့ ဝါတဲ့ကွင်းတွေက သေချာတယ် တကွင်းလုံးဆုံးတာ မျှော်လင့်လို့မရဘူး။ အခုက ပဲမျိုးတခုတည်းကြောင့် မဟုတ်ဘူး ပြောနေကြအတိုင်းပဲ ဈေးကွက်မတည်ငြိမ်တာကြောင့် ဆေးသုံးဖို့ ငွေကုန်ခံမလားဆိုတာကို မသေချာနေတာ။ ကျွန်တော်လည်း ၇ ဧကလောက်ကို ပစ်လိုက်ရတယ်  ” 

၂၄၊ ဖေဖော်ဝါရီလ။

ဓနုဖြူနဲ့ ဟင်္သာတမြို့နယ်တွေထဲမှာ ပဲခင်းတွေ မိုစေ့ဗိုင်းရပ်ရောဂါ( Yellow Mosaic Virus) အပါအဝင် စိုက်ချိန်နောက်ကျတာတွေကြောင့် အပင်တွေဝါကုန်ပြီး ပဲသိမ်းဖို့ လုပ်အားခပါ မကျန်နိုင်တဲ့အထိ ထွက်နူန်းကျတာကြောင့် ပဲမသိမ်းပဲနေတဲ့ တောင်သူလယ်သမားတွေရှိနေပါတယ်။ 

“ ဒီနှစ်က TBL 9 ပဲမျိုးကလွဲရင် ကျန်တဲ့မျိုးတွေ ထိတယ်။ ဓနုဖြူဆိုရင် တောင်ဘက်ပိုင်းမှာရှိတဲ့ အခင်းတွေ တော်တော်များများဝါတယ်။ ပဲနုတ်ခက မနှစ်ကထက်စာရင် တဝက်လောက်ထိ ကျသွားတာတောင် တချို့အခင်းတွေ မနုတ်ပဲ ပစ်ထားလိုက်ပြီ ” လို့ ဓနုဖြူမြို့နယ် နှဲကြိုးကျေးရွာမှာ နေထိုင်တဲ့ လယ်သမားတဦးက ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ မတ်ပဲတွေကို နိုဝင်ဘာ လဆန်းကပိုင်းမှာ နောက်ဆုံးထား စိုက်ပျိုးသင့်ပေမယ့် မနှစ်က မိုးနှောင်းကောင်းတာကြောင့် နိုဝင်ဘာ လကုန်ပိုင်းမှ စိုက်ဖြစ်ခဲ့ကြတာပါ။

ဒါအပြင် ၂၀၂၃ မတ်ပဲရာသီကတည်းက မတ်ပဲဈေးတွေ ဆက်တိုက်ကျနေခဲ့တာကြောင့် သွင်းအားစုတွေကို ပြည့်မီအောင် ထည့်သွင်းနိုင်ခြင်း မရှိတာတွေက အထွက်နူန်းပျက်တဲ့အထိ ဖြစ်စေတာလို့ ဟင်္သာတမြို့နယ်ထဲက ကိုယ်တိုင်လယ်သမားဖြစ်ပြီး တောင်သူလယ်သမားရေး ကူညီဆောင်ပေးနေသူ တဦးက မှတ်ချက်ပြုပါတယ်။

“ သူက ဝါပြီဆိုရင် ဘာကြောင့်ပဲ ဝါဝါ အပင်ဝါတာနဲ့ အသီးမတင်တော့ဘူး။ ဒီတော့ ဝါတဲ့ကွင်းတွေက သေချာတယ် တကွင်းလုံးဆုံးတာ မျှော်လင့်လို့မရဘူး။ အခုက ပဲမျိုးတခုတည်းကြောင့် မဟုတ်ဘူး ပြောနေကြအတိုင်းပဲ ဈေးကွက်မတည်ငြိမ်တာကြောင့် ဆေးသုံးဖို့ ငွေကုန်ခံမလားဆိုတာကို မသေချာနေတာ။ ကျွန်တော်လည်း ၇ ဧကလောက်ကို ပစ်လိုက်ရတယ်  ” လို့ သူက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ပဲသိမ်းချိန်က တဧကကို ပဲနုတ်ခ ငွေကျပ် ၂၂၀၀၀၀ ထိဈေးပေါက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ငွေကျပ် ၁၅၀,၀၀၀ ဝန်းကျင်သာရှိတော့တဲ့အထိ ပဲခင်းတွေ ထိခိုက်ပျက်စီးမှု များပြားနေတယ်လို့ နှဲကြိုးရွာက လယ်သမားက ပြောပါတယ်။

“ ရာခိုင်နှုန်းအနေနဲ့ တွက်ပြီးပြောဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် ပိုးသတ်ဆေး မသုံးနိုင်ကြတဲ့အခါ ပိုးကပြန့်နှံ့မှု မြန်တာကြောင့် သူ့လယ် ကိုယ့်လယ် ကူးကုန်ကြတာပေါ့။ ကျွန်တော်ထင်တယ် ပဲစိုက်တာ ဧက ၁၀၀ ဆို ၅၀ လောက်က ပျက်တယ် ” လို့ သူက ခန့်မှန်းထားပါတယ်။ 

အမည်မဖော်လိုတဲ့ စိုက်ပျိုးရေး ကျွမ်းကျင် ပညာရှင်တဦးက ပဲပင်တွေ ဝါရတဲ့ အဓိက အကြောင်းရင်းဟာ မိုစေ့ဗိုင်းရပ်ရောဂါ( Yellow Mosaic Virus)ကြောင့်ဖြစ်ပြီး ဒီဗိုင်းရပ်စ်ဟာ ပိုးသတ်ဆေးဖြန်းလို့ မရဘူးလို့ ဆိုပါတယ်။

ဒီဗိုင်းရပ်စ်ကို ကာကွယ်ဖို့ဆိုရင် ဒီရောဂါကို ခံနိုင်ရည်ရှိတဲ့ TBL 9၊ ရေဆင်း ၇၊ ထန်းညီနောင် ၄၊  ပဲတီစိမ်းမျိုးဆိုရင် ရေဆင်း ၁၁၊ ရေဆင်း ၁၄ မျိုးတွေကို စိုက်ပျိုးသင့်တယ်လို့ အကြံပြုထားပါတယ်။

ဒါပေမယ့် ဓနုဖြူနဲ့ ဟင်္သာတမြို့နယ်တွေမှာတော့ ရေးဆင်းမျိုးတွေမှာပါ ဝါတဲ့ပြဿနာတွေကို ကြုံခဲ့ကြရပြီး ဒါဟာ မှိုသတ်ဆေး၊ ပိုးသတ်ဆေးနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာဖြစ်ခဲ့ရင်တောင် ပဲဈေးအခြေအနေကြောင့် သွင်းအားစုတွေ သုံးဖို့တွေဝေခဲ့တာတွေနဲ့ စိုက်ပျိုးချိန်နောက်ကျလို့ ပိုးဒဏ်ကို မခံနိုင်ကြတာတွေ ဖြစ်နိုင်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

လက်ရှိအချိန်မှာတော့ မတ်ပဲဈေးဟာ တက်လိုက် ကျလိုက်ဖြစ်နေပေမယ့် အရင် နှစ်တွေကထက်တော့ ဈေးပိုတက်လာတဲ့ အနေအထားမှာရှိနေပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့ ပေါက်ဈေးဟာ တတင်းကို ငွေကျပ် ၁ သိန်းဝန်းကျင်ရှိနေပါတယ်။