ထရမ့်ရဲ့ နေအိမ်ထဲကို ကျူးကျော်ဝင်ရောက်ဖို့ကြိုးစားတဲ့ အမျိုးသားတဦးကို လုံခြုံရေးအဖွဲ့ ပစ်သတ်

အသက် ၂၀ ကျော်အရွယ် သံသယရှိသူဟာ Mar-a-Lago အိမ်ရာရဲ့ မြောက်ဘက်ဂိတ်နားမှာ ပြောင်းချော အနီးပစ် သေနတ်တလက်နဲ့ လောင်စာဆီပုံးတပုံးကို ကိုင်ဆောင်ထားတာကို တွေ့ခဲ့ရတယ်လို့ အမေရိကန်  လုံခြုံရေးအေးဂျင့်တပ်ဖွဲ့က ပြောပါတယ်။

၂၃၊ ဖေဖော်ဝါရီ။

ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ဖလော်ရီဒါပြည်နယ်က သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ Mar-a-Lago အိမ်ရာဝင်း လုံခြုံရေးစည်းကိုကျူးကျော်ဝင်ရောက်ခဲ့တဲ့ လက်နက်ကိုင် အမျိုးသားတဦးကို အမေရိကန်လုံခြုံရေးအေးဂျင့်တွေက ပစ်သတ်လိုက်ပါတယ်။

အဆိုပါ အမျိုးသားဟာ ပြောင်း​ချော သေနတ်လက်ကို ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွါးချိန်ဟာ မနက် ၁နာရီဝန်းကျင်မှာ ဖြစ်ပြီး  ထရမ့်က ဝါရှင်တန်မှာ ရှိနေတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အသက် ၂၀ ကျော်အရွယ် သံသယရှိသူဟာ Mar-a-Lago အိမ်ရာရဲ့ မြောက်ဘက်ဂိတ်နားမှာ ပြောင်းချော အနီးပစ် သေနတ်တလက်နဲ့ လောင်စာဆီပုံးတပုံးကို ကိုင်ဆောင်ထားတာကို တွေ့ခဲ့ရတယ်လို့ အမေရိကန်  လုံခြုံရေးအေးဂျင့်တပ်ဖွဲ့က ပြောပါတယ်။

လုံခြုံရေးအေးဂျင့်တွေက သူနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး လက်နက်ချဖို့ ပြောခဲ့ပေမဲ့ သူက သေနတ်ကို အပေါ်ကို မြှောက်လိုက်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ သူ့ကို ပြောခဲ့တဲ့ တခွန်းတည်းသောစကားက လက်နက်ပစ္စည်းတွေကို ချလိုက်ဆိုတာပဲ” လို့ ပမ်းဘိချ် ခရိုင်အရာရှိ ရစ်ဘရက်ဒ်ရှောကသတင်းထောက်တွေကို ပြောပါတယ်။

“အဲဒီအချိန်မှာ သူက ဆီပုံးကို ချလိုက်ပြီး သေနတ်ကို ပစ်တော့မယ့်အနေအထားနဲ့ မြှောက်လိုက်တယ်” လို့ ဘရက်ဒ်ရှောက ဆိုပါတယ်။

ဒါကြောင့် ခရိုင်အရာရှိရဲ့ လက်ထောက်တဦးနဲ့ လုံခြုံရေးအေးဂျင့်နှစ်ဦးကသူ့ကို ပစ်ခတ်ခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ အခင်းဖြစ်နေရာမှာပဲသေဆုံးသွားခဲ့ပြီး အမေရိကန် အရာရှိတွေဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။

သေဆုံးသူဟာ Mar-a-Lago  ရဲ့ မြောက်ဘက် မိုင် ၇၀၀ (၁,၁၂၇ ကီလိုမီတာ) အကွာက မြောက်ကာရိုလိုင်းနားပြည်နယ်မှာ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် အော်စတင် တပ်ကာ မာတင် ဖြစ်တယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။

မာတင်ဟာ ရှုခင်းတွေနဲ့ ဂေါက်ကွင်းပုံတွေကို ဆွဲတဲ့ ပန်းချီဆရာတဦးဖြစ်ပြီးသူ့မှာ အသက် ၂၁ နှစ်အရွယ်မှာ သေဆုံးသွားခဲ့တဲ့ အစ်မတဦးရှိတယ်လို့Miami Herald သတင်းစာက ဖော်ပြပါတယ်။ ဒါပေမဲ့ သူ့အစ်မ ဘာကြောင့်သေဆုံးခဲ့တယ်ဆိုတာကိုတော့ နာရေးကြော်ငြာမှာ ဖော်ပြထားခြင်း မရှိပါဘူး။

Mar-a-Lago မှာ အားလပ်ရက်တွေကို ကုန်ဆုံးလေ့ရှိတဲ့ ထရမ့်ဟာ လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုတွေနဲ့ ကြိုးပမ်းမှုတွေရဲ့ ပစ်မှတ် အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (ရွေးကောက်ပွဲမတိုင်ခင် နှစ်လအလို) တုန်းက ဖလော်ရီဒါ ဂေါက်ကွင်းတခုမှာ သမ္မတကို လုပ်ကြံဖို့ ကြံစည်ခဲ့တဲ့အသက် ၅၉ နှစ်အရွယ် ရိုင်ယန် ရောက်စ်ကို ဒီလအစောပိုင်းမှာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။

ရောက်စ်ရဲ့ လုပ်ကြံမှုမတိုင်ခင် နှစ်လအလိုမှာပဲ ပင်ဆယ်ဗေးနီးယားက လူထုဟောပြောပွဲမှာ အသက် ၂၀ အရွယ် မက်သယူး ခရွတ်စ်က ထရမ့်ကို သေနတ်နဲ့ ပစ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက ကျည်ဆန်တခုက ထရမ့်ရဲ့ ညာဘက်နားရွက်ကို ထိမှန်သွားခဲ့ပါတယ်။

အမြင်ကွဲပြားမှုတွေ ပြင်းထန်နေတဲ့ အမေရိကန်မှာ နိုင်ငံရေးအပြန်အလှန် ပြောဆိုမှုတွေဟာ ပိုပြီးတော့ ကြမ်းတမ်းလာသလို ရန်စမှုတွေလည်း များလာတာကြောင့် နိုင်ငံရေး အကြမ်းဖက်မှုတွေဟာ တဖြည်းဖြည်းမြင့်တက်လာနေပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာလည်း ယူတားပြည်နယ်က တက္ကသိုလ်တခုမှာ ကျင်းပတဲ့ အခမ်းအနားတခုအတွင်း လက်ယာယိမ်း အွန်လိုင်းနာမည်ကြီး ထရမ့်ရဲ့ အမာခံထောက်ခံသူ ချာလီ ကတ်ခ် ပစ်သတ်ခံခဲ့ရပါတယ်။

အဲဒီမတိုင်ခင် ဇွန်လမှာလည်း မျက်နှာဖုံးစွပ်ထားတဲ့ သေနတ်သမားတဦးကမင်နီဆိုတာ လွှတ်တော်အမတ် မယ်လီဆာ ဟော့မင်းနဲ့ သူမရဲ့ ခင်ပွန်းကို အိမ်မှာတင် ပစ်သတ်ခဲ့ပါတယ်။

နောက်ထပ် ရွေးကောက်ခံ အရာရှိတဦးနဲ့ သူ့ဇနီးလည်း ပစ်မှတ်ထားခံခဲ့ရပြီးဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပါသေးတယ်။

 

Ref – AFP