
“အခုက ဇလွန်ပြည်တော်ပြန် ဘုရားပွဲကလည်း နီးလာပြီ။ သူက ဒါကိုအခွင့်ကောင်းယူပြီး လေလံကို ဈေးကြီးကြီးနဲ့ ယူထားရလို့ ဒီကာလမှာ ငွေရှာမယ်။ ဈေးတက်မယ်ဆိုတာမျိုး လုပ်တာ။ တခါမှ အခုလိုမျိုး ပစ္စလက္ခဈေးတက်တာ ကလေးတွေကိုပါ ငွေကောက်တာမျိုး မကြုံဖူးဘူး။ ကျွန်မတို့ ကြားမိသလောက်ဆိုရင် ဒီလေလံထဲမှာ ဇလွန်က လူကြီးပိုင်း(အာဏာပိုင်)တချို့တောင် ပါတယ် ကြားတယ် ”
၁၈၊ ဖေဖော်ဝါရီလ။
ဧရာဝတီတိုင်း၊ ဇလွန်မြို့ ဇက်ဆိပ်မှာ လေလံအောင်ထားသူက နန်းတော်ကျွန်း ဇက်ကူးခကို ရုတ်တရက် ၅၀၀ ဈေးတင်လိုက်တဲ့အတွက် ဒေသခံတွေ အခက်တွေ့နေကြပါတယ်။
“ဒီလိုမျိုး ကလေးကအစ ငွေကောက်တာက အဆင်မပြေဘူး။ ပြီးတော့ ဈေးတွေတက်လာတယ်။ ဒါက ဇလွန်ရော နန်းတော်ကျွန်းဘက်ရော နှစ်ဖက်စလုံးမှာတက်တာနော်။ မြင်သာအောင်ပြောရရင် ဆန်တအိတ်အရင်က ၁၅၀၀၀ ထား အခု ၁၅၅၀၀ ဖြစ်သွားတယ်။ ကျွန်တော်တို့ ဒါကိုတိုင်ဖို့လုပ်မှာ။ လူငါးဦးလက်မှတ်ထိုးပြီး တိုင်လို့ရတယ်ပြောတယ် ” လို့ နန်းတော်ကျွန်း ဘက်နေ ဇလွန်ဘက်ကို ကူးပြီး ဈေးရောင်းချနေသူ တဦးက ဆိုပါတယ်။
ဇက်ကူးခအဖြစ် လူတဦးကို ငွေကျပ် ၁၀၀၀ ကနေ ၁၅၀၀ ကိုတက်သွားပြီး ၅ နှစ်အထက် ကလေးတဦးကို ငွေကျပ် ၅၀၀ နဲ့ ကျောပိုးအိတ်လို တပိုင်တနိုင်အိတ်လေးတွေကစလို့ ခြင်း၊ တောင်း၊ အိတ် အရွယ်အစားပေါ်မူတည်ပြီး ငွေကောက်ခံမှုတွေ ပြုလုပ်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုံမှန်အားဖြင့် ဇလွန်ဇက်ဆိပ်လေလံ လက်လွှဲခြင်းကို ဧပြီလမှသာ ပြုလုပ်ကြလေ့ရှိပြီး ငွေတိုးမြှင့် ကောက်ခံခြင်းကိုလည်း အများသိအောင် ကြေညာပြီးမှ ကောက်ခံလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျပ်သိန်း ၁၅၀၀ ဝန်းကျင်နဲ့ ဇက်ကူးခွင့်ရခဲ့တဲ့ ကိုတိုင်းကျော်စိုးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကတည်းက ဇက်ကူးခကို ဈေးတင်ခဲ့တာပါ။
ဇလွန်နဲ့ နန်းတော်ကျွန်း ကျေးရွာအုပ်စုကို ဖြတ်သန်းကူးပေးနေတဲ့ ဇက်ဆိပ်တခုသာရှိပြီး ဒီဇက်ဆိပ်ကို နန်းတော်ကျွန်းကတဆင့် ရန်ကုန်တိုင်းအတွင်းက အဖျောက်မြို့အထိ ကုန်စည်စီးဆင်းမှုတွေ ရှိနေတာကြောင့် တရက်ကို ခရီးသွားပေါင်း ၅၀၀ နဲ့ ၇၀၀ ကြားမှာ သွားလာလေ့ရှိကြပါတယ်။
“အခုက ဇလွန်ပြည်တော်ပြန် ဘုရားပွဲကလည်း နီးလာပြီ။ သူက ဒါကိုအခွင့်ကောင်းယူပြီး လေလံကို ဈေးကြီးကြီးနဲ့ ယူထားရလို့ ဒီကာလမှာ ငွေရှာမယ်။ ဈေးတက်မယ်ဆိုတာမျိုး လုပ်တာ။ တခါမှ အခုလိုမျိုး ပစ္စလက္ခဈေးတက်တာ ကလေးတွေကိုပါ ငွေကောက်တာမျိုး မကြုံဖူးဘူး။ ကျွန်မတို့ ကြားမိသလောက်ဆိုရင် ဒီလေလံထဲမှာ ဇလွန်က လူကြီးပိုင်း(အာဏာပိုင်)တချို့တောင် ပါတယ် ကြားတယ် ” လို့ နန်းတော်ကျွန်းကျေးရွာ ဒေသခံတဦးက ဆိုပါတယ်။
အာဏာမသိမ်းခင်က ဇက်ကူးခအနေနဲ့ တဦးကို ငွေကျပ် ၃၀၀ သာကျသင့်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဈေးဟာ တတိတိတက်လာခဲ့ပြီး ယခုအချိန်မှာတော့ ရုတ်တရက် ၁၅၀၀ ထိ ထိုးတက်သွားခဲ့တာ ဖြစ်ပါတယ်။
ကုန်းလမ်းကြောင်းနဲ့ သွားလို့ရပေမယ့် ခရီးဝေးတာကြောင့် ခရီးသွားအများစုနဲ့ ဆိုင်ကယ်သမားတွေကအစ ဇလွန် – နန်းတော်ကျွန်းကို ဇက်နဲ့သာ ကူးသန်းသွားလာနေကြတာ ဖြစ်ပါတယ်။
“အဓိက ဒီကူးတို့ကို စီးတဲ့သူတွေက ကျန်းမာရေး မကောင်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စီးစရာဘာမှ မရှိတဲ့သူတွေ (ဆိုင်ကယ်၊ ကား စသဖြင့်)။ ဈေးသည်တွေများတယ်။ ပြောချင်တာက လက်လုပ် လက်စားတွေနဲ့ ကုန်လမ်းကနေ ပတ်ပြီးသွားတဲ့ဒဏ်ကို မခံနိုင်တဲ့သူတွေ သုံးကြတာ။ ဒါကို ၁၀၀၀ ကနေ ၁၅၀၀ ထိတိုးကောက်တာက လွန်လွန်းတယ် ” လို့ ဇလွန်မြို့ပေါ်မှာ နေထိုင်တဲ့ လူမှုကူညီရေး ဆောင်ရွက်နေသူ တဦးက ဆိုပါတယ်။
ဇလွန်မြို့နဲ့ နန်းတော်ကျွန်းဘက်ကမ်းက ဇက်ဆိပ်ကို အသုံးပြုပြီး ကူးသန်းသွားလာ ကုန်သွယ်နေကြသူ တွေကတော့ ဇက်ကူးခ တိုးမြှင့်ခြင်းကို စနစ်တကျနဲ့ ဖြစ်သင့်တဲ့နူန်းထားမှာသာ ညှိနှိုင်းထားပေးစေလိုပြီး ကလေးငယ်တွေနဲ့ အထုတ်ငယ်တွေအတွက် ငွေကြေးကောက်ခံခြင်းကိုတော့ မပြုလုပ်စေချင်ကြဘူးလို့ DNA ကိုပြောကြပါတယ်။