
ပြင်သစ်ဟာ အိန္ဒိယနဲ့ စစ်ရေးမဟာမိတ်အဖြစ် ပိုပြီးချဲ့ထွင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ပြင်သစ်ထုတ် တိုက်လေယာဉ် အစင်းရေ ၁၁၄ စင်း ထပ်မံဝယ်ယူမယ့် ကိစ္စကိုလည်း ဆွေးနွေးဖို့ မျှော်လင့်ရပါတယ်။
၁၇၊ ဖေဖော်ဝါရီ။
ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ ဖေဖော်ဝါရီ ၁၆ရက်နေ့က စတင်တဲ့ အိန္ဒိယခရီးစဉ်အတွင်း AI နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ Dassault ကုမ္ပဏီထုတ် ရာဖေးလ် တိုက်လေယာဉ်တွေအတွက် ဒေါ်လာဘီလီယံချီတန် အလားအလာရှိတဲ့ သဘောတူညီချက်အပေါ် အာရုံစိုက် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
ပြင်သစ်ဟာ အိန္ဒိယနဲ့ စစ်ရေးမဟာမိတ်အဖြစ် ပိုပြီးချဲ့ထွင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ပြင်သစ်ထုတ် တိုက်လေယာဉ် အစင်းရေ ၁၁၄ စင်း ထပ်မံဝယ်ယူမယ့် ကိစ္စကိုလည်း ဆွေးနွေးဖို့ မျှော်လင့်ရပါတယ်။
မက်ခရွန်နဲ့ ဇနီးဖြစ်သူ ဘရီဂျစ်တို့ဟာ တနင်္လာနေ့ သန်းခေါင်ယံအချိန်မှာ အိန္ဒိယရဲ့ စီးပွားရေးမြို့တော် မွန်ဘိုင်းကို ရောက်ရှိခဲ့ပါတယ်။
ဒါဟာ ၂၀၁၇ ခုနှစ်မှာ သူ သမ္မတတာဝန်ယူပြီး ကတည်းကဆိုရင် အိန္ဒိယကို စတုတ္ထအကြိမ်မြောက် လာရောက်တဲ့ ခရီးစဉ်ပဲ ဖြစ်ပါတယ်။ သူဟာ အင်္ဂါနေ့နှောင်းပိုင်းမှာ ဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။
အဲ့ဒီနောက်မှာတော့ မက်ခရွန်ဟာ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ နယူးဒေလီမြို့မှာ ကျင်းပမယ့် AI ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ခရီးဆက်မှာပါ။
အိန္ဒိယအစိုးရဘက်က ရာဖေးလ် တိုက်လေယာဉ်တွေ အများအပြားမှာယူဖို့ အစီအစဉ်ရှိတယ်လို့ ပြီးခဲ့တဲ့အပတ်က အတည်ပြုခဲ့သလို ဇန်နဝါရီလတုန်းကလည်း အိန္ဒိယနဲ့ ဥရောပသမဂ္ဂကြား အရေးပါတဲ့ လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်မှာ အခုခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အိန္ဒိယဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ သူတို့ရဲ့ အဓိက လက်နက်ထောက်ပံ့သူဖြစ်တဲ့ ရုရှားအပေါ် မှီခိုနေရတာကို လျှော့ချဖို့ ကြိုးစားလာခဲ့ပြီး တခြားနိုင်ငံတွေဆီက ဝယ်ယူတာအပြင် ပြည်တွင်းမှာပဲ ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ကိုလည်း တွန်းအားပေးနေပါတယ်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ချက်အရ ရာဖေးလ် တိုက်လေယာဉ်တွေ ဝယ်ယူမယ့်အစီအစဉ်ကို ခွင့်ပြုလိုက်ပြီဖြစ်ပြီး အဆိုပါလေယာဉ် အများစုကို အိန္ဒိယမှာပဲ ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
လေယာဉ်အစင်းရေ ဘယ်လောက်ဝယ်မယ်ဆိုတာကို တိတိကျကျ မပြောထားပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်တခုအရ ၁၁၄ စင်း ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
ပါရီမြို့က အိန္ဒိယရေးရာကျွမ်းကျင်သူ ခရစ္စတိုဖာ ဂျက်ဖရီလော့ကတော့ ယူရို ၃၀ ဘီလီယံ (ဒေါ်လာ ၃၅ ဘီလီယံ) တန်ကြေးရှိမဲ့ အဆိုပါ တိုက်လေယာဉ် ၁၁၄ စင်း အရောင်းအဝယ်ကို ရာစုနှစ်ရဲ့ သမိုင်းဝင်စာချုပ်အဖြစ် တင်စားခဲ့ပြီး ဒါဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အမြင့်ဆုံး အောင်မြင်မှုတခု ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
လေယာဉ်တွေ ထပ်မံဝယ်ယူဖို့အတွက် Dassault Aviation ကုမ္ပဏီနဲ့ ဆွေးနွေးဖို့ ကျန်သေးပေမဲ့ သမိုင်းဝင် သဘောတူညီချက်တခု ရလာနိုင်တယ်လို့ ပြင်သစ်သမ္မတရုံးဘက်က အကောင်းမြင်နေပါတယ်။
မိုဒီနဲ့ မက်ခရွန်တို့ဟာ အိန္ဒိယရဲ့ ပထမဆုံး ရဟတ်ယာဉ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံကိုလည်း အင်္ဂါနေ့မှာ ဗီဒီယိုကွန်ဖရင့်ကနေတဆင့် ဖွင့်လှစ်ပေးမှာပါ။ ဒါဟာ အိန္ဒိယရဲ့ Tata Group နဲ့ ပြင်သစ် Airbus ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်တာ ဖြစ်ပါတယ်။
ဘန်ဂါလူရူမြို့အနီး ကာနာတာကာပြည်နယ်က စက်ရုံမှာ Airbus ကုမ္ပဏီရဲ့ ရောင်းအားအကောင်းဆုံး H125 တလုံးထိုးအင်ဂျင်သုံး ရဟတ်ယာဉ်တွေကို ထုတ်လုပ်သွားမှာပါ။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ပြင်သစ်ဟာ အိန္ဒိယအတွက် အရေးအပါဆုံး ကာကွယ်ရေးနဲ့ စီးပွားရေးမိတ်ဘက်နိုင်ငံ တခုဖြစ်လာပါတယ်။
“ဒီခရီးစဉ်ကတဆင့် အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုခိုင်မာအောင် လုပ်ဆောင်သွားမှာဖြစ်သလို ပြင်သစ်ရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး မိတ်ဘက်တွေကိုလည်း ပိုမိုစုံလင်အောင် ချဲ့ထွင်သွားမှာပါ” လို့ မက်ခရွန်ရဲ့ရုံးက ဆိုပါတယ်။
လူဦးရေ ၁.၄ ဘီလီယံရှိပြီး ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယဟာ ကမ္ဘာ့စတုတ္ထမြောက် အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာဖို့ လမ်းကြောင်းပေါ် ရောက်နေပါတယ်။
အခုတပတ်ဆွေးနွေးပွဲတွေမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်မူဝါဒတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့စီးပွားရေး မရေရာမှုတွေနဲ့ ဒေသတွင်း တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးကြဖို့ ရှိပါတယ်။
ဝန်ကြီးချုပ် မိုဒီရဲ့ရုံးကတော့ မဟာဗျူဟာမြောက် မိတ်ဘက်ဖြစ်မှုကို ခိုင်မာအောင်လုပ်ဖို့နဲ့ နယ်ပယ်သစ်တွေမှာ ပိုမိုတိုးချဲ့လုပ်ဆောင်ဖို့ကို အဓိကထား ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
ကာကွယ်ရေးနဲ့ လေကြောင်းကဏ္ဍတွေကြောင့် ပြင်သစ်နဲ့ အိန္ဒိယကြား နှစ်နိုင်ငံကုန်သွယ်မှုဟာ တနှစ်ကို ယူရို ၁၅ ဘီလီယံ (ဒေါ်လာ ၁၈ ဘီလီယံ) ဝန်းကျင်ရှိနေပါတယ်။ အိန္ဒိယရဲ့ ခရီးသည်တင် လေယာဉ်တွေထဲမှာ Airbus လေယာဉ်တွေ အများကြီး ပါဝင်နေတာပါ။
ပြင်သစ်ရဲ့ အိန္ဒိယမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာလည်း ယူရို ၁၃ ဘီလီယံ (ဒေါ်လာ ၁၅ ဘီလီယံ) နီးပါး ရှိပါတယ်။
Ref – france24