ကနေဒါနဲ့ ဗြိတိန်ကို ဗီဇာကင်းလွတ်ခွင့်ပေးမယ်လို့ တရုတ်အတည်ပြု

ဒါဟာ တရုတ်နဲ့ ဆက်ဆံရေး ပိုကောင်းအောင် လုပ်ဖို့နဲ့ တနေ့တမျိုးပြောင်းလဲနေတဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒတွေဆီကနေ မျက်နှာလွှဲပြီးလမ်းကြောင်းသစ် ရှာဖို့အတွက် ဖြစ်ပါတယ်။

၁၆၊ ဖေဖော်ဝါရီ။

ကနေဒါနဲ့ ဗြိတိန် ခေါင်းဆောင်တွေ တရုတ်နိုင်ငံကို တရားဝင်ခရီးစဉ်တွေ သွားရောက်ခဲ့ပြီးနောက်မှာ အဆိုပါ နိုင်ငံသားတွေကို လာမယ့်ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကစပြီး ဗီဇာမလိုဘဲ လာရောက်ခွင့်ပြုကြောင်း တရုတ်အစိုးရက အတည်ပြုလိုက်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာနဲ့ ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေးတို့ နှစ်ဦးလုံးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ပေကျင်းကို သွားရောက်ခဲ့ကြတာပါ။

ဒါဟာ တရုတ်နဲ့ ဆက်ဆံရေး ပိုကောင်းအောင် လုပ်ဖို့နဲ့ တနေ့တမျိုးပြောင်းလဲနေတဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒတွေဆီကနေ မျက်နှာလွှဲပြီးလမ်းကြောင်းသစ် ရှာဖို့အတွက် ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးလုံးဟာ သမ္မတ ရှီကျင့်ဖျင် အပါအဝင် တရုတ်ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ဗီဇာကင်းလွတ်ခွင့်ကိစ္စ အပါအဝင်တိုးတက်မှုတွေ ရခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အဆိုပါ သဘောတူညီချက်တွေကိုတနင်္ဂနွေနေ့မှာ အတည်ပြုလိုက်ပြီး ကနေဒါနဲ့ ဗြိတိန်နိုင်ငံသားတွေဟာအင်္ဂါနေ့ကစလို့ တရုတ်ကို ဗီဇာမလိုဘဲ လာနိုင်ပြီဖြစ်ကြောင်းနဲ့ ဒီမူဝါဒဟာဒီဇင်ဘာ ၃၁ ရက်အထိ အကျိုးသက်ရောက်မှာဖြစ်ကြောင်း ပြောပါတယ်။

“ဒီနိုင်ငံတွေက ရိုးရိုးပတ်စပို့ ကိုင်ဆောင်ထားသူတွေအနေနဲ့ စီးပွားရေး၊ ခရီးသွားလာရေး၊ ဆွေမျိုးမိတ်ဆွေတွေဆီ လာလည်တာ၊ အပြန်အလှန် လေ့လာရေး ဒါမှမဟုတ် လေယာဉ်ခရီးစဉ် တဆင့်နားတာတွေအတွက် ရက်ပေါင်း၃၀ ထက်မပိုတဲ့ ကာလအထိ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ “တရုတ်နဲ့ တခြားနိုင်ငံတွေကြား လူထုအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှုတွေ ပိုမိုလွယ်ကူချောမွေ့စေဖို့” ဖြစ်တယ်လို့လည်းထပ်လောင်း ပြောကြားထားပါတယ်။

Ref – AFP