ကနေဒါ-အမေရိကန် တံတားသစ်ဖွင့်ပွဲကို တားဆီးပိတ်ပင်မယ်လို့ ထရမ့်ခြိမ်းခြောက်

ကွယ်လွန်သွားပြီဖြစ်တဲ့ ကနေဒါဖွား နာမည်ကျော် ဟော်ကီကစားသမားကြီးGordie Howe ကို အစွဲပြုပြီး အမည်ပေးထားတဲ့ အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံတန် အဆိုပါ တံတားစီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ ဖွင့်လှစ်ဖို့ သတ်မှတ်ထားတာပါ။

၁၀၊ ဖေဖော်ဝါရီ။

ကနေဒါနိုင်ငံဟာ အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်ဖြစ်သင့်တယ်လို့အရိပ်အမြွက် ပြောဆိုဖူးတဲ့ သမ္မတ ထရမ့်ဟာ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့မှာတော့ အမေရိကန်နဲ့ ကနေဒါကြားက တံတားသစ်ဖွင့်ပွဲကို ပိတ်ပစ်မယ်လို့ ထပ်မံခြိမ်းခြောက် လိုက်ပါတယ်။

ကနေဒါနိုင်ငံ အွန်တေရီယိုပြည်နယ်နဲ့ အမေရိကန် မီချီဂန်ပြည်နယ်တို့ကိုဆက်သွယ်ထားပြီး လက်ရှိအထိ တည်ဆောက်ဆဲဖြစ်တဲ့ Gordie Howe နိုင်ငံတကာတံတားရဲ့ တဝက်ကို အမေရိကန်က ပိုင်ဆိုင်သင့်တယ်လို့ ထရမ့်က ပြောပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ကနေဒါဖွား နာမည်ကျော် ဟော်ကီကစားသမားကြီးGordie Howe ကို အစွဲပြုပြီး အမည်ပေးထားတဲ့ အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံတန် အဆိုပါ တံတားစီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ ဖွင့်လှစ်ဖို့ သတ်မှတ်ထားတာပါ။

“အမေရိကန်က သူတို့ကို ပေးဆပ်ခဲ့သမျှအတွက် အပြည့်အဝ ပြန်မရမချင်းဒီတံတားကို ဖွင့်ခွင့်မပေးနိုင်ဘူး။ နောက်ပြီး အရေးကြီးတာက ကနေဒါအနေနဲ့ အမေရိကန်ကို ထိုက်တန်တဲ့ တရားမျှတမှုနဲ့ လေးစားမှုမျိုးနဲ့ ဆက်ဆံဖို့ လိုတယ်” လို့ ထရမ့်က သူရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

“ကျွန်တော်တို့ ဆွေးနွေးမှုတွေကို ချက်ချင်း စတင်ပါမယ်” လို့လည်း သူကဆိုပါတယ်။

အသက် ၇၉ နှစ်အရွယ် ရီပတ်ဘလစ်ကန် သမ္မတက အဆိုပါ တံတားရဲ့အဝင်အထွက် ထိပ်နှစ်ဘက်လုံးကို ကနေဒါက ပိုင်ဆိုင်နေသလိုတံတားဆောက်တဲ့နေရာမှာလည်း အမေရိကန် ထုတ်ကုန်တွေကို လုံးဝနီးပါးအသုံးမပြုခဲ့ဘူးလို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ကာနေဟာ ပြီးခဲ့တဲ့လက ပေကျင်းကို သွားရောက်ခဲ့ပြီး တရုတ်နဲ့ကနဦး ကုန်သွယ်ရေး သဘောတူညီချက်တခု လက်မှတ်ရေးထိုးခဲ့တာကြောင့်ဝါရှင်တန်ဘက်က ကနေဒါအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ခြိမ်းခြောက်ထားပါတယ်။

သမ္မတထရမ့်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ အာဏာပြန်ရလာကတည်းက ကုန်သွယ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ကနေဒါနဲ့ ထိပ်တိုက်တွေ့နေတာပါ။

အရင်က ကနေဒါကို အမေရိကန်က သိမ်းပိုက်သင့်တယ်လို့ သူ ပြောခဲ့ဖူးပါတယ်။

တဘက်မှာလည်း ဝန်ကြီးချုပ် ကာနေက ပြီးခဲ့တဲ့လ ဒါးဗို့စ် (Davos) ဖိုရမ်မှာ အမေရိကန် ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်ဟာ ပြိုကွဲမှုနဲ့ရင်ဆိုင်နေရတယ်လို့ သတိပေးခဲ့ပါတယ်။

ဒါဟာ ထရမ့်ရဲ့ နှောင့်ယှက်ဖျက်ဆီးမှုတွေကို သွယ်ဝိုက်ရည်ညွှန်းတာဖြစ်ပြီးအင်အားအသင့်အတင့်ရှိတဲ့ နိုင်ငံတွေအနေနဲ့ စုစုစည်းစည်း ရှိကြဖို့ သူကတိုက်တွန်းခဲ့ပါတယ်။

Ref – CNA