ပြည်ပဝယ်လိုအားများနေပေမယ့် ပဲသစ်ပေါ်ချိန် ပဲတွေ ဈေးပြန်ကျလာ

“ ဒီနှစ်မှာ ပဲတွေက ပိုးကျတာ၊ ရောဂါဖြစ်တာ၊ ရာသီဥတုကြောင့်ပျက်တာနဲ့ အထွက်လျော့နိုင်တယ်။ ဒီတော့ ဈေးတက်စေချင်တာပေါ့။ အထွက်နှုန်းပုံမှန်တုန်းကတောင်မှ ပဲဈေးကျလို့ ရှုံးခဲ့တာဆိုတော့ ဒီနှစ်ကို အရမ်းစိတ်ပူပါတယ်။ အခုက မတ်ပဲဈေးက ၁ သိန်းနားနီးလာတော့ ပြန်မကျရင် အကောင်းဆုံးပေါ့ ”

၂၈၊ ဇန်နဝါရီလ။

မြန်မာနိုင်ငံကထွက်တဲ့ မတ်ပဲ၊ ပဲစဉ်းငုံနဲ့ ပဲတီစိမ်းတွေကို အိန္ဒိယနဲ့ တရုတ်အပါအဝင် ပြည်ပဝယ်လိုအားတွေ မြင့်တက်လာနေပေမယ့် ပြည်တွင်းမှာလည်း ပဲလှိုင်လှိုင်ပေါ်ချိန်ဖြစ်တာကြောင့် မတ်ပဲ တမျိုးတည်းသာ အတက်ဈေးဖြစ်နေပြီး ကျန်ပဲတွေ ဈေးပြန်ကျနေပါတယ်။

“ ဈေးက အများကြီး ပြန်မတက်ရင်တောင် အခြေအနေအရတော့ ပြန်တက်လာဖို့ ရှိနိုင်ပါတယ်။ ခုက ရောင်းလိုအားက ဝယ်လိုအားကို လိုက်လာနိုင်လို့ ကုန်သည်တွေက ဈေးပြန်ညှိနေတဲ့ သဘောပေါ့။ ခုက အိန္ဒိယပြည်တွင်းဈေးကွက်မှာဆို ပဲစဉ်းငုံနဲ့ မတ်ပဲဈေးက တက်နေတာတွေ့ရတယ် ” လို့ မြောင်းမြမြို့မှာ နေထိုင်တဲ့ ကုန်သည်တဦးက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးပတ်က ပဲတီစိမ်းဟာ ငွေကျပ် ၁၆၀၀၀၀ ကျော်၊ ပဲစဉ်းငုံဟာ ငွေကျပ် ၁ သိန်းဈေးဝန်းကျင်တွေရှိခဲ့ပေမယ့် အခုချိန်မှာတော့ ပဲတီစိမ်းဟာ ငွေကျပ် ၁၃၀၀၀၀ ဝန်းကျင်နဲ့ ပဲစဉ်းငုံဟာ ငွေကျပ် ၉ သောင်းထိ ပြန်ကျလာတာဖြစ်ပါတယ်။

တဖက်မှာတော့ မတ်ပဲဟာ ငွေကျပ် ၉၇၀၀၀ ဝန်းကျင်ကနေ ၉၉၀၀၀ ထိဈေးတက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မိုးရာသီကာလမှာ အိန္ဒိယနိုင်ငံက ပဲမျိုးစုံကို အဓိကထားစိုက်ပျိုးတဲ့ ခရိုင် ၅ ခုက ဟက်တာ ၁၁ သိန်းကျော်မှာ ၆၀ ရာခိုင်နှုန်းဟာ ပျက်ဆီးခဲ့ရတယ်လို့ အိန္ဒိယ စိုက်ပျိုးရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေကြောင့် အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ဟာ ယခင်နှစ်တွေကထက် ပိုများလာနိုင်တဲ့ အခြေအနေရှိနိုင်တယ်လို့ ဧရာဝတီတိုင်းက ကုန်သည်တွေက ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကနေ မတ်ပဲ တန်ချိန် ၂ သိန်း ၅ သောင်းနဲ့ ပဲစဉ်းငုံတန်ချိန် ၁ သိန်း ဝယ်ယူဖို့ အစိုးရချင်း သဘောတူညီမှုဆိုင်ရာ G to G စာချုပ်ချုပ်ဆိုထားပေမယ့် လိုအပ်ချက်ရှိရင် နှစ်နိုင်ငံ ကုန်သည်အချင်းချင်း ဆက်သွယ်ဝယ်ယူနိုင်တဲ့ အခြေအနေကိုလည်း လမ်းဖွင့်ထားပါတယ်။

“ ဘာကြောင့်လဲတော့ မသိဘူး ဒီနှစ်ဆိုရင် တရုတ်ကလည်း ပဲတီစိမ်းဈေးကွက်ကို အရင်ထက် ပိုအားစိုက်ပြီးဝယ်လာတဲ့ သဘောတွေ့နေရတယ် ” လို့ မြောင်းမြက ကုန်သည်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံက တင်ပို့တဲ့ ပဲတီစိမ်းတွေမှာ ဓာတုဓာတ်ကြွင်းတွေ့ရှိတာကြောင့် အဝယ်ရပ်ဆိုင်းခဲ့တဲ့ တရုတ်နိုင်ငံကလည်း ယခုနှစ်ဆန်းပိုင်းမှာ ပြန်ဝယ်လာနေတယ်လို့ ပဲကုန်သည်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ မိုးစပါးပြီးရင် မတ်ပဲနဲ့ ပဲတီစိမ်းကို အစိုက်များကြတာကြောင့် မိုးစပါးမှာ အရှုံးပေါ်ခဲ့တဲ့  တောင်သူလယ်သမားတွေဟာ ဒီပဲတွေဈေးတက်လာဖို့ မျှော်လင့်ခဲ့ကြပါတယ်။

၂၀၂၆ နှစ်ဆန်းပိုင်းကစလို့ အိန္ဒိယဈေးကွက်ပြန်အလှုပ်မှာ ပဲဈေးတွေတက်လာနေပြီး ဈေးကွက်အေးလိုက် တက်လာလိုက် ဆက်တိုက်ဖြစ်နေရာကနေ လက်ရှိမှာတော့ ပဲဈေးတွေက အကျဘက်ကို ပြန်ရောက်လာနေတာ ဖြစ်ပါတယ်။

“ ဒီနှစ်မှာ ပဲတွေက ပိုးကျတာ၊ ရောဂါဖြစ်တာ၊ ရာသီဥတုကြောင့်ပျက်တာနဲ့ အထွက်လျော့နိုင်တယ်။ ဒီတော့ ဈေးတက်စေချင်တာပေါ့။ အထွက်နှုန်းပုံမှန်တုန်းကတောင်မှ ပဲဈေးကျလို့ ရှုံးခဲ့တာဆိုတော့ ဒီနှစ်ကို အရမ်းစိတ်ပူပါတယ်။ အခုက မတ်ပဲဈေးက ၁ သိန်းနားနီးလာတော့ ပြန်မကျရင် အကောင်းဆုံးပေါ့ ” လို့ ဇလွန်မြို့နယ်မှာနေထိုင်တဲ့ လယ်သမားတဦးဖြစ်သူ ဦးတိုးက ဆိုပါတယ်။

ဧရာဝတီတိုင်းက ကုန်သည်တွေကတော့ ဧရာဝတီတိုင်းက လယ်သမားတွေဟာ ၃ နှစ်ဝန်းကျင် လယ်ယာစိုက်ပျိုးရေးမှာ အရှုံးပေါ်ခဲ့တဲ့အပြင် မျိုးစေ့ရွေးချယ်မှုနဲ့ သွင်းအားစု အသုံးပြုရာမှာ အားနည်လာတာကြောင့် မနှစ်ကလိုမျိုး ပဲတွေမှာ ဓာတုဓာတ်ကြွင်းတွေ့ရှိမှုတွေ ဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။