ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီသေဆုံးသွားပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလဒဏ်ရာရလို့ ဆေးကုနေရတယ်ဆိုတဲ့ သတင်းမှား

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီသေဆုံးသွားပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလဒဏ်ရာရလို့ ဆေးကုနေရတယ်ဆိုတဲ့ သတင်းမှား

 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ  ၄   ရက်

(Fact-Check -DNA/ The Red Flag) 

 

☑️အနှစ်ချုပ်

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ သေဆုံးသွားပြီဖြစ်ပြီး NUG ယာယီ သမ္မတ ဒူဝါလရှီးလ ဒဏ် ရာရလို့ ဆေးကုသနေရတယ်လို့ လိမ်လည်ဝါဒဖြန့်ရေးသားထားတဲ့ သတင်းမှားတွေကို အကြောင်းအရာ အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖြန့်ဝေရေးသားနေတာကို တွေ့ရှိရပါတယ်။

 

☑️ဖြန့်ဝေတဲ့အကြောင်းအရာ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်မှာ NUG က ဒူဝါလရှီးလ လုပ်ကြံခံရမှု နောက်ဆက်တွဲသတင်း ဆိုပြီး “ကချင်ပြည်နယ်၊ လိုင်ဇာမြိုရှိ လိုင်ဇာဟိုတယ်ဘက်မှာ KPDF အကြမ်းဖက် ၁၅ ဦးခန့်က NUG က ဒူဝါလရှီးလနဲ့အဖွဲဝင် ၉ ဦး လိုက်ပါလာတဲ့ ကားနှစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုတိယကားပေါ်မှ ၅ ဦး သေဆုံးခဲ့ပြီး ဒူဝါလရှီးလစီးလာတဲ့ ပထမကားပေါ်မှ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဒူဝါလရှီးလက ညာပေါင်သေနတ်ထိမှန်ထားပြီး လိုင်ဇာဆေးရုံမှာ ဆေးကုသမှုခံနေရကြောင်း သိရပါတယ်…လက်ရှိမှာ အဆိုပါ KPDF အကြမ်းဖက် ၁၀ ဦးကို KIA မှ ဖမ်းဆီးစစ်ဆေးနေပြီး ကျန် ၅ ဦးမှာ ထွက်ပြေးလွတ် မြောတ်နေဆဲဖြစ်ကြောင်း သိရပါတယ်လို့ ရေးသားပြီး စစ်သွေး တယ်လီဂရန်ချန်နယ်နဲ့အခြား လော်ဘီ ချန်နယ်တွေက ဖြန့်ဝေခဲ့ပါတယ်။ 

စစ်သွေး – https://archive.ph/YDqbF 

စွမ်းအားရှင် – https://archive.ph/7IEdy 

ကိုလှရွှေ(သတင်းမှန်) – https://archive.ph/DrHql 

Lashio Thar – https://archive.ph/C8YlZ 

 

ဇန်နဝါရီ ၂၉ ရက်မှာပဲ NUG ယာယီသမ္မတဒူဝါလရှီးလကို KIA ဩဇာခံ KPDF က လုပ်ကြံဟု သတင်း ထွက်၊ NUG နှင့်ထောက်ခံသည့်မီဒီယာများက သတင်းမှန်/မမှန် တုံပြန်ဖြေရှင်းမှုမရှိသေး ဆိုတဲ့ ခေါင်းစဉ်နဲ့ “NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလကို KIA ဩဇာခံ KPDF က လုပ်ကြံလိုက်သည်ဟု ယမန်နေ့က တည်းက သတင်းထွက်ပေါ်နေသော်လည်း NUG နှင့် NUG ထောက်ခံသည့် ပြည်ပရောက် မီဒီယာများကမူ ယနေ့အထိ ထိုသတင်းများအမှားဖြစ်ကြောင်း တုံပြန်ဖြေရှင်းမှုမရှိသေးပေ”လို့လော်ဘီအကောင့်တွေက ရေးသားဖြန့်ဝေခဲ့တာကို တွေရပါတယ်။

Myanmar Update News – https://archive.ph/Dm7QA 

Snow Queen – https://archive.ph/IleLT 

Ye Yint Htet – https://archive.ph/TEgCN 

 

“သေနတ်ကြီးကိုင်ပြီးနောက် အသေဆိုးနဲ့သေတဲ့ မန်းဂျော်နီအကြောင်းလည်း ဖျောက်တယ် ဟောအခု လရှီးလ သေပြန်ပြီတဲ့ ဖျောက်အုံးမယ်ထင်တယ်”ဆိုပြီး ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလတို့ သေဆုံးခဲ့တယ်လို့ နိုဝင်ဘာလ ၃၀ ရက်မှာ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်ဖြစ်တဲ့ ဘညွန့် နဲ့ D.I Thameedaw တို့ကနေ ရေးသားဖြန့်ဝေခဲ့ ပြန်တာကိုတွေ့ရပါတယ်။

ဘညွန့် – https://archive.ph/D4asN 

D.I Thamee daw & သားကောင်းဇာနည်ဘွားများ – https://archive.ph/FNetD 

 

ဒါအပြင် ဇန်နဝါရီလ ၃၀ ရက်မှာ “ အချင်းချင်းလုပ်ကြံမှုကြောင့် ပြင်းထန်စွာဒဏ်ရာရရှိနေတဲ့ NUG သမ္မတ ဒူဝါလရှီးလ ဒဏ်ရာမသက်သာသည့်အတွက် တရုတ်နိုင်ငံသို မှောင်ခိုလမ်းမှ ခိုးချောင်ခိုးဝှက်ဆေးသွား ကုနေ။ လရှီးလ ဆေးကုနေစဥ်ကာလအတွင်း  NUG ရဲ့ ယာယီခေတ္တသမ္မတတာဝန်ကို ကာကွယ်ရေး ၀ံချီး ဆိုသူ ငမူးရည်မွန်က လွှဲပြောင်းထမ်းဆောင်မည်”လို့ရေးသားပြီး မှိုင်းဝေ၊ ကိုနှင်းမောင်၊ D.I Thameedaw စတဲ့ ချန်နယ်တွေက ရေးသားဖြန့်ဝေခဲ့ပါတယ်။

မှိုင်းဝေ – https://archive.ph/wU7iM 

ကိုနှင်းမောင် – https://archive.ph/fmQdf 

D.I Thameedaw – https://archive.ph/sVrmg 

နောင်ရိုးဟစ်တိုင် – https://archive.ph/fWwSR  

ရွှေနေကြာ – https://archive.ph/wsRNe 

ဇန်နဝါရီ ၃၀ ရက်မှာပဲ စစ်ကော်မရှင်လော်ဘီ Snow Queen နဲ့ Ye Yint Htet တို့က ဒူးဝါးလရှီးလ အခြေအနေတဲ့ဆိုပြီး “ ခြေသလုံးနဲ့ရင်ကိုအစဖောက်ဝင်ထားတယ်၊ အဆုပ်ကိုပိုက်ဖောက်တရုတ်ပြည်ကို ပို့ ထားသည် သိရ သတင်းအမှန်ကိုစောင့်နေတုန်းပါဗျ” လို့ရေးသားဖြန့်ဝေခဲ့ပါတယ်။

Snow Queen – https://archive.ph/x8oRS 

Ye Yint Htet – https://archive.ph/cYrzE 

 

ဇန်နဝါရီလ ၃၁ ရက်မှာ မှိုင်းဝေ တယ်လီဂရန်ချန်နယ်ကနေ“ KPDF ရဲ့လုပ်ကြံခြင်းခံလိုက်ရတဲ့ NUG သမ္မတဆိုသူ ဒူဝါလရှီးလ တရုတ်နိုင်ငံရှိဆေးရုံသို့ လွှဲပြောင်းကုသပေမယ့် အခြေအနေမကောင်း ကြောင်းသိရ…ဒီလိုဖြစ်တဲ့ အကြောင်းအရင်းက ဂွမ်မော်တို့ကစတာ..ဗန်းမော်တိုက်ပွဲမှာ တိုက်တိုင်း သေဆုံးမှုများနေတဲ့အတွက် PDF တွေက ဆက်မတိုင်ချင်တော့ဘူး…ဒါကို NUG ကိုတင်ပြတယ်.. NUG ကကောင်တွေက KIA က ဂွမ်မော်တို့နဲ့ပင်းစားပြီး တင်ပြတာတွေကိုလက်မခံဘဲ KPDF တွေကို ထိုး ထည့်တာ…(ဒါကတော့ ကိုယ်တွေသိတဲ့ အကြောင်းအရာပေါ့၊ တခြားငွေကြေးကိစ္စတွေလည်းပါချင် ပါမယ်)ဒီကိစ္စတွေကို ဘယ်လိုမှ ညှိနှိုင်းလို့မရတော့ အခြေအတင်ဖြစ်ပြီး ဒူဝါလရှိလ လိုင်ဇာဟိုတယ် ကပြန်လာချိန်မှာ KPDF က လုပ်ကြံလိုက်တာ…ဒီကောင်တွေ ဘယ်လောက်ပဲ ဖုံးဖိထားထား အဖြစ် မှန်တွေကို ဖုံးကွယ်ထားလို့မရဘူး…”လို့ မှိုင်းဝေနဲ့အခြားချန်နယ်ပေါင်းစုံတို့က ထပ်မံရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

မှိုင်းဝေ- https://archive.ph/zrZJ0 

အဲဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေး ကြည့်တဲ့အခါ အမျိုးသားညီညွှတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဟောင်း မန်းဂျော်နီတို့ဟာ သေဆုံးဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ မင်းအောင်လှိုင် မန္တလေးနန်းတွင်းထဲမှာ ရှော့တိုက်ဒုံးနဲ့အပစ်ခံရလို့ ဒဏ်ရာရသွားတယ်ဆိုပြီး သတင်းမီဒီယာတချို့က ရေးသားထားချက်ကို စစ် ကော်မရှင်ဖက်ကသတင်းဖုံးလိုတဲ့ရည်ရွယ်ချက်နဲ့လိမ်လည်ရေးသားပြီး တန်ပြန်ဝါဒဖြန့်ချိနေတဲ့ သတင်းမှား ဆိုတာကို စိစစ်သိရှိရပါတယ်။

 

☑️ သတင်းစိစစ်ချက်

သေဆုံးသွားပြီလို့ ဝါဒဖြန့်ခဲ့တဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့ မန်းဂျော်နီ- Mahn Johnny Facebook accountကို ၂၀၂၆ ခုနှစ်လက်ရှိအချိန်ထိ အသုံးပြုနေဆဲဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

မန်းဂျော်နီ-  https://shorturl.at/qlmsV 

 

ဒါအပြင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှာ မန်းဂျော်နီ- Mahn Johnny Facebook account ကနေ “၂၀၂၆ ဇန်နဝါရီမှာ အသက်က တနှစ်ကြီးသွားပြန်ပါပြီ။ အသက် ၈၅ နှစ် တင်းတင်းပြည့်ခဲ့တာမှာ တောပုန်း ကြီး ဘ၀ကလည်း ၅ နှစ် တင်းတင်းပြည့်ခဲ့တာပေါ့။ ဒီအရွယ်မှာ နေခွင့်ရသမျှ အမြတ်လို့သဘောထားပြီး ကိုယ်စိတ်နှလုံးသုံးပါးကိုတတ်နိုင်သလောက်ထိန်းသိမ်းရပါတယ်”ဆိုတဲ့ပို့စ်ရေးခဲ့တာကို တွေ့ရပါတယ်။

မန်းဂျော်နီ- Mahn Johnny – https://shorturl.at/ZAi23 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က အပြည်ပြည်ဆိုင်ရာ ဧရာဝတီထောက်ပို့အသင်းရဲ့ “ဧရာဝတီရှေ့တန်းစစ် မျက်နှာက တပ်ရိက္ခာနဲ့ စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်လိုအပ်လျက်ရှိတဲ့ ရိက္ခာဆန် အမြန်ဖြည့် ဆည်း‌ပေးနိုင်ရေးကမ်ပိန်းကို မန်းဂျော်နီ(ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း) ဦးဆောင်ပြီး ဦးမျိုးသက်ဦး (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မဝေမာလွင်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)တို့ ပါဝင်တဲ့ ကမ်ပိန်းဖွင့်ပွဲအခမ်းအနားမှာ မန်းဂျော်နီ တက်ရောက်အမှာစကားပြောကြားခဲ့တာကို တွေ့နိုင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဧရာဝတီထောက်ပို့အသင်း –https://shorturl.at/vP3eH 

AYA PDF အမှတ် ၂၉ ဗျူဟာ Fundraising Team –https://shorturl.at/EtTfC 

 

အလားတူပဲ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ဧရာဝတီထောက်ပို့အသင်းရဲ့ “ဧရာသားတို့ ရိက္ခာဆန်ကံစမ်းမဲကမ်ပိန်းအတွက်မန်းဂျော်နီကမိတ်ဆက်နှိုးဆော်စကားပြောကြားခဲ့တာ”ကိုတွေ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာ ဧရာဝတီထောက်ပို့အသင်း- https://shorturl.at/1MU92 

 

ဇန်နဝါရီ ၂၉ ရက်မှာ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သူ့ရဲ့လူမှုကွန်ယက်မှာ “စစ်အုပ်စု လော်ဘီမှိုင်းဝေရဲ့ တယ်လီဂရမ်အကောင့်ကနေ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရတယ်၊ ဆေးကုသ မှုခံယူနေရတယ်ဆိုတဲ့ သတင်းအမှားတခုကို လုပ်ကြံဖန်တီးပြီး ဖြန့်နေတာတွေ့ရပါတယ်။ နိုင်ငံ တော်သမ္မတဒူဝါလရှီးလဘေးကင်းကျန်းမာစွာရှိကြောင်းသိရပါတယ်။ ဒီအချိန်ဒီကာလမှာ စစ်အုပ်စု လော် ဘီတွေဖြန့်နေတဲ့သတင်းတု၊ သတင်းမှားတွေကို အထူးသတိပြုကြစေချင်ပါတယ်”လို့ရေးသားခဲ့ပါတယ်။

Nay P Latt- https://shorturl.at/3nqVM 

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကို  KPDF ၁၀ ဦးက လိုင်ဇာမှာ ပစ်ခတ်လုပ်ကြံခဲ့တာကြောင့်  ဆေးကုသမှုခံယူနေရတယ်ဆိုတာဟာ ဝါဒဖြန့်သတင်းအမှားသာဖြစ်တယ်လို့ DVB, MPA, Mizzima တို့က အချက်အလက်စစ်ဆေးထားတာကို ဖတ်ရှုနိုင်ပါတယ်။

DVB Fact Check – https://bit.ly/4a3QhSo 

MPA – https://shorturl.at/dIJ1r 

Mizzima – https://shorturl.at/x4UnG 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ “အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့မှ တာဝန်ရှိသူများတွေ့ဆုံပွဲကို ယာယီသမ္မတ ဒူဝါလရှီးလ တက်ရောက်ခဲ့တယ်”လို့ NUG ထုတ်ပြန်ထားတာကို တွေ့နိုင်ပါတယ်။

NUG- https://shorturl.at/Jl1oo 

 

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ NUG ယာယီ သမ္မတ ဒူဝါလရှီးလ လုပ်ကြံခံရပြီး ဒဏ်ရာရရှိကာ ဆေးကုသ မှုခံယူနေရတယ်လို့ရေးသားနေတာဟာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တွေက သတင်းမှား ဖြန့်ဝေနေတာသာဖြစ်တယ်လို့ Connect Burma, The Irrawaddy တို့ကရေးသားထားတာကိုတွေ့ရမှာဖြစ် ပါတယ်။

Connect Burma – https://shorturl.at/vtG3E 

The Irrawaddy – https://archive.ph/nYt1O 

 

☑️သုံးသပ်ချက် 

ဒီစစ်ဆေးတွေ့ရှိချက်တွေအရ စစ်ကော်မရှင်လော်ဘီတွေဝါဒဖြန့်သလို ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီသေဆုံးခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ဒဏ်ရာရလို့ဆေးကုသနေ ရတယ်ဆိုတာ လုပ်ကြံဖန်တီးပြီး ရေးသားထားတဲ့ ဝါဒဖြန့်သတင်းမှားဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

 

ဒီသတင်းမှားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးကို ရောက်နေ ချိန် သူတည်းခိုနေတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(လပခ)ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရှော့တိုက် ဒုံးနဲ့ ပစ်ခတ်ခဲ့လို့ ဒဏ်ရာရသွားခဲ့တယ်ဆိုပြီး တော်လှန်ရေးဘက်ကရေးသားဖော်ပြနေတဲ့သတင်းအချို့ဖြစ် ပေါ်လာပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးတိုင်းနန်းတွင်းပစ်ခတ်မှုမှာ ဒဏ်ရာရသွားတာရှိမရှိမသေချာပေမဲ့  ဒဏ်ရာရသွားတယ်လို့ တော်လှန်ရေးဘက်က ထင်မြင်ယူဆရေးသားဖော်ပြနေတဲ့သတင်းဖုံးလွှမ်းစေချင်လို့  စစ်ကော်မရှင်ဘက်ကလော်ဘီတွေက တန်ပြန်ဝါဒဖြန့်သတင်းမှားတွေ လိမ်လည်ဖြန့်ဝေနေတာဖြစ်ပါတယ်။ 

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork