ကြံခင်းမြို့နယ်အစပ် ပန်းတောင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

“ဧရာ၀တီမှာတော့ သာပေါင်း၊ လေးမျက်နှာတို့မှာ တိုက်ပွဲဖြစ်နေတာပေ့ါ၊ တိုက်ပွဲတွေကတော့ အကုန်လုံးဆက်စပ် သွားမှာ။ ပဲခူး၊ မကွေး၊ ဧရာ၀တီအကုန် တဆက်တည်းဖြစ်သွားမှာ။ AA ကတော့ ပုသိမ် – မုံရွာ လမ်းတလျှောက် လုံးကို ထိန်းချုပ်ဖို့ကြိုးစားနေတာမြင်ရတယ်။ ကပစတွေမှာ အဲဒီနားမှာပဲ ရှိတာလေ”

၃၊ ဖေဖော်ဝါရီ။

ဧရာ၀တီတိုင်း ကြံခင်းမြို့နယ်နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းက အမှတ်(၁၆) ကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ – ၁၆)ကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက် ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

“ဘေးပတ်လည်က စခန်းတွေကို တိုက်နေတာ။ တိုက်ပွဲကတော့ ပြင်းနေတယ်။ ကာကင်းတချို့ရထားတာရှိပြီ။ အ သေးစိတ်ပြောလို့တော့ မရသေးဘူး” လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

AA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ဟာ ကပစ – ၁၆ အနီးရှိ ပွိုင့် ၆၆၆ စခန်းကုန်းကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ကပစ – ၁၆ နဲ့ အနီးဆုံးမှာရှိတဲ့ကာကင်းစခန်းတွေနဲ့ ကပစ -၁၆ တို့ကိုပါ ဆက်လက်ထိုးစစ် ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ပန်းတောင်း ကပစ – ၁၆ ဟာ ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း၊ ပန်းတောင်းမြို့နဲ့ မလှမ်းမကမ်းမှာ တည်ရှိကာ ဧရာ၀တီတိုင်းမြောက်ဘက်အစွန်ဆုံး ကြံခင်းမြို့နယ်နဲ့လည်း မိုင်နှစ်ဆယ်ဝန်းကျင်သာ ကွာဝေးပါတယ်။

အလားတူပဲ မကွေးတိုင်း ပဒါန်းမြို့အနီးဝန်းကျင်ရှိ ကပစ ၁၄၊ ကပစ ၁၀ တို့အနီးဝန်းကျင်မှာလည်း နှစ်ဖက်တိုက်ပွဲ တွေ ဖြစ်ပွားနေတာရှိတယ်လို့ ဒေသခံတွင်း သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း၊ ပုသိမ် – မုံရွာလမ်းမကြီးတ လျှောက်မှာရှိတဲ့ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ)တွေအနီးကို တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာနေ ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်နေတာပါ။

ရခိုင်ရိုးမ အရှေ့နောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ AA ဟာ အမ်း၊ တောင်ကုတ်၊ ဂွ တောင်ကျော်လမ်းတိုင်း ရိုးမအရှေ့ဘက်ခြမ်း ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာ၀တီတိုင်းတို့ထိ ဆင်းကာ ပုသိမ် – မုံရွာတလျှောက် စစ်ကော်မရှင်တပ်စခန်းတွေကို တိုက်ခိုက်ကာ ကပစစက်ရုံတွေကို ချဉ်းကပ် ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့အတွင်းမှာ ကပစစက်ရုံပေါင်း ၁၆ ရုံရှိပြီး အဲဒီထဲက စက်ရုံဆယ်ရုံရဲ့ အနီးဝန်းကျင်တွေမှာ AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ရေးလှုပ် ရှားမှုတွေ ရှိနေတာဖြစ် ပါတယ်။

လက်ရှိမှာ AA ဟာ ပဲခူး၊ မကွေး၊ ဧရာ၀တီတိုင်းတို့အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပုသိမ် – မုံရွာ လမ်းမကြီးတလျှောက်နဲ့ အနီးဝန်းကျင်ရှိ ဧရာ၀တီတိုင်း အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ မကွေးတိုင်း ငဖဲ၊ မင်းလှ ပဲခူးတိုင်း ပန်းတောင်းစတဲ့မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ နေ့တိုင်းနီးပါး ရှိနေပါတယ်။

“ဧရာ၀တီမှာတော့ သာပေါင်း၊ လေးမျက်နှာတို့မှာ တိုက်ပွဲဖြစ်နေတာပေ့ါ၊ တိုက်ပွဲတွေကတော့ အကုန်လုံးဆက်စပ် သွားမှာ။ ပဲခူး၊ မကွေး၊ ဧရာ၀တီအကုန် တဆက်တည်းဖြစ်သွားမှာ။ AA ကတော့ ပုသိမ် – မုံရွာ လမ်းတလျှောက် လုံးကို ထိန်းချုပ်ဖို့ကြိုးစားနေတာမြင်ရတယ်။ ကပစတွေမှာ အဲဒီနားမှာပဲ ရှိတာလေ” လို့ AA နဲ့ နီစပ်တဲ့ စစ်ရေး လေ့လာသူတဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ကပစစက်ရုံတွေကို AA က ဦးတည်တိုက်ခိုက်လာခဲ့ရင် ပဲခူးတိုင်းအတွင်းရှိ ကပစစက်ရုံတွေနဲ့ မိုင်နှစ်ဆယ်ဝန်းကျင်သာ ကွာဝေးတဲ့ ဧရာ၀တီတိုင်း မြန်အောင်၊ ကြံခင်းမြို့နယ်တို့အထိပါ တိုက်ပွဲဧရိယာကျယ် ပြန့်လာနိုင်တယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ လေးမျက်နှာဒေသခံတဦးက ပြောပါတယ်။