ဖေဖော်ဝါရီလထဲ မိုးရွာသွန်းမှုရှိနိုင်ကြောင်း မိုးဇလထုတ်ပြန်

၃၁၊ ဇန်နဝါရီလ။

လာမယ့် ဖေဖော်ဝါရီလထဲမှာ ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်ချေရှိတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မိုးဇလ ဌာနရဲ့  ဇန်နဝါရီလ ၂၈ ရက်ကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဖေဖော်ဝါရီလအတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာ လေဖိအားနည်း ရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်တာကြောင့် ဧရာဝတီတိုင်းအပါအဝင် မြန်မာတနိုင်ငံလုံးမှာ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ၃ ကနေ ၅ ရက်ခန့်၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း ၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၂ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

အမည်မဖော်လိုတဲ့ စိုက်ပျိုးရေးပညာရှင် တဦးကတော့ ဖေဖော်ဝါရီလထဲမှာ မိုးရွာရင် ထင်မထားလောက်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ မရွာတာက အကောင်းဆုံးပဲ။ အဲ့ဒီအချိန်က ရိတ်သိမ်းခါနီးတွေ ရိတ်သိမ်းခါစတွေ အချိန်တွေဖြစ်တယ်။ ပြီးတော့ ရက် ၉၀ စပါးစိုက်ကြမယ့်သူတွေကလည်း အဲ့အချိန်ဆို စစိုက်ကြမှာဆိုတော့ တကယ်သာရွာရင် မလွယ်ပါဘူး။ ဒီတော့ ဘာပဲဖြစ်ဖြစ် သတိထားကြတာက အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလဟာ ဧရာဝတီတိုင်းမှာ ဆောင်းစပါးစပါး အပါအဝင် ဆောင်းသီးနှံတွေ ထွက်ရှိချိန်ဖြစ်တာကြောင့် အကယ်၍ ဒီကာလမှာ မိုးရွာရင် ထိခိုက်ပျက်စီးမှု များနိုင်ကြောင်းနဲ့ ရေစိုသီးနှံတွေဖြစ်သွားတဲ့အခါ ဈေးကောင်းမရနိုင်တော့ဘူးလို့ ဟင်္သာတမြို့နယ်က တောင်သူ လယ်သမားအရေး လှုပ်ရှားသူတဦးက ဆိုပါတယ်။

“ ခုနောက်ပိုင်း မိုးဇလရဲ့ ခန့်မှန်းချက်တွေကိုလည်း လျော့တွက်လို့မရတော့ လယ်သမားတွေ အနေနဲ့ ဒီကိစ္စကို ခေါင်းထဲထည့်ထားတာတော့ ကောင်းတယ်။ ဒါပေမယ့် လေဖိအားနည်း ရပ်ဝန်းအခြေအနေဆိုတာက စောင့်ကြည့်ရတာမျိုးဆိုတော့ မိုးမရွာတာမျိုးလည်း ဖြစ်နိုင်တော့ အရမ်းလည်း စိတ်မပူကြဖို့ အကြံပေးချင်တယ် ” လို့ ပြောပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထိတော့ မိုးရွာသွန်းနိုင်တဲ့ အရိပ်အယောင် မရှိသေးဘူးလို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

“ ဧရာဝတီတိုင်းထဲမှာတော့ မိုးရွာဖို့က မရှိနိုင်သေးပါဘူး။ မိုးကျတာတော့ စောနိုင်ပါတယ် ဧပြီနောက်ဆုံးပတ် မေ လဆန်းပိုင်းလောက်ဆို မိုးစကျလာနိုင်ပါတယ်။ အခုက တနင်္သာရီ တောင်ဘက်ပိုင်းမှာတော့ မိုးရေချိန် အနည်းငယ်ရွာနိုင်တာမျိုးကလွဲရင် တခြားဒေသတွေမှာ ရွာဖို့ မရှိသေးဘူး ” လို့ ဦးဝင်းနိုင်က  ရှင်းပြပါတယ်။