
“အာဆီယံအလှည့်ကျဥက္ကဋ္ဌရော၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်ပါ တာဝန်ယူထားသူတဦးအနေနဲ့ ဘုံသဘောတူညီချက် ငါးချက်အကောင်အထည်ဖော်ရေး အလွတ်သဘော ဆွေးနွေးပွဲမှာ အာဆီယံ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့ပါတယ်”လို့ လာဇာရိုက X မှာ ရေးသားခဲ့ပါတယ်။
၂၉၊ ဇန်နဝါရီ။
အရှေ့တောင်အာရှက ထိပ်တန်းသံတမန်တွေဟာ မြန်မာပြည်တွင်းစစ်ကို အဆုံးသတ်ဖို့အတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့အဖြေတခု ရှာဖွေသွားမယ်ဆိုတဲ့ ကတိကဝတ်ကို ဇန်နဝါရီလ ၂၈ရက်နေ့မှာ ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တံခါးပိတ် အလွတ်သဘော ဆွေးနွေးခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ရှေ့ဆက်သွားမယ့် နည်းလမ်းတွေအပြင် မြန်မာကိုယ်တိုင် ပိုင်ဆိုင်ပြီး မြန်မာကိုယ်တိုင် ဦးဆောင်တဲ့အဖြေတခု ရှာဖွေဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို ဦးဆောင်နေတဲ့ လာဇာရိုဟာ စီဗူးမြို့မှာ အာဆီယံဝန်ကြီးတွေရဲ့ သီးသန့်ဆွေးနွေးပွဲကို ခေါ်ယူခဲ့တာပါ။ သူဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့စဉ်က စစ်ခေါင်းဆောင်တွေရော၊ အရပ်ဘက်ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့တဲ့ အခြေအနေတွေကို တခြားအာဆီယံဝန်ကြီးတွေကို ပြန်လည်တင်ပြခဲ့ပါတယ်။
“အာဆီယံအလှည့်ကျဥက္ကဋ္ဌရော၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်ပါ တာဝန်ယူထားသူတဦးအနေနဲ့ ဘုံသဘောတူညီချက် ငါးချက်အကောင်အထည်ဖော်ရေး အလွတ်သဘော ဆွေးနွေးပွဲမှာ အာဆီယံ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့ပါတယ်”လို့ လာဇာရိုက X မှာ ရေးသားခဲ့ပါတယ်။
“ကျွန်မတို့ဟာ 5PC (ဘုံသဘောတူညီချက်ငါးချက်) အကောင်အထည်ဖော်မှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသလို ရှေ့ဆက်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်။ မြန်မာကိုယ်တိုင်ပိုင်ဆိုင်ပြီး မြန်မာကိုယ်တိုင်ဦးဆောင်တဲ့ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ အဖြေတခု ရှာဖွေဖို့ အာဆီယံရဲ့ စုပေါင်းစိတ်ဓာတ်ကိုလည်း ထပ်လောင်းအတည်ပြုခဲ့ကြတယ်” လို့ သူက ဆက်ပြောပါတယ်။
နှစ်ရက်ကြာတဲ့ ဝန်ကြီးများအဆင့် တံခါးပိတ် ဆွေးနွေးပွဲဟာ မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ တလကြာ အထွေထွေရွေးကောက်ပွဲရဲ့ တတိယပိုင်းအပြီး တပတ်အကြာမှာ ပေါ်ပေါက်လာတာပါ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် လူထုရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေကနေတဆင့် ပြည်တွင်းစစ်အထိ ဖြစ်လာခဲ့တာပါ။
နိုင်ငံအတွင်းက သွေးထွက်သံယို ပဋိပက္ခတွေကို ရပ်တန့်ဖို့ အာဆီယံခေါင်းဆောင်တွေ သဘောတူထားတဲ့ ငါးချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို စစ်တပ်ဘက်က အကောင်အထည်ဖော်ဖို့ ငြင်းဆန်နေတဲ့အတွက် ဒီနှစ်မှာ မြန်မာနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခွင့်ကို ပိတ်ပင်ခံထားရပါတယ်။
အာဆီယံဟာ စစ်ခေါင်းဆောင်တွေကို အစည်းအဝေးတက်ခွင့် ပိတ်ထားပေမယ့် စစ်အုပ်ချုပ်ရေးအောက်က မြန်မာနိုင်ငံကိုယ်စားပြုဖို့အတွက် နိုင်ငံရေးနဲ့မဆိုင်တဲ့ အရာရှိတွေကိုတော့ တက်ခွင့်ပြုထားပါတယ်။
အာဆီယံက စစ်တပ်ကို အသိအမှတ်မပြုထားပေမယ့် မြန်မာနိုင်ငံဟာ အဖွဲ့ဝင်အဖြစ် ဆက်ရှိနေဆဲပါ။
အခုပြုလုပ်တဲ့ သီးသန့်ဆွေးနွေးပွဲကိုတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် အဆင့်ရှိတဲ့ ထိပ်တန်းသံတမန်တဦး တက်ရောက်နေတယ်လို့ အာဆီယံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒက်စ် အင်ပီးရီယယ်လ်က ပြောပါတယ်။
မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ အခြေအနေကို သိရှိတဲ့ အရှေ့တောင်အာရှ သံတမန်တဦးကတော့ အစည်းအဝေးဟာ “ကောင်းမွန်ပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ကတော့ အာဆီယံအနေနဲ့ မြန်မာ့ရွေးကောက်ပွဲရလဒ်တွေကို အတည်ပြုမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့အပတ်က ပြောထားပါတယ်။
မြန်မာနိုင်ငံဟာ တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အခြေအနေတွေ မပြည့်စုံတဲ့အတွက် ရွေးကောက်ပွဲကို လေ့လာသူတွေမလွှတ်ဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတာပါ။
Ref – GMA News