
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေ၊ ကျွမ်းကျင်သူတွေနဲ့ အစိုးရကတော့ အခုလို ကျေးရွာတွေထဲ ရွှံ့နွံတွေ စီးကျလာပြီး ရေကြီးမြေပြိုရတာဟာ သစ်တောပြုန်းတီးမှုကြောင့်လည်း ပါဝင်တယ်လို့ ထောက်ပြကြပါတယ်။
၂၆၊ ဇန်နဝါရီ။
အင်ဒိုနီးရှားနိုင်ငံမှာ လူသေဆုံးမှုရှိခဲ့တဲ့ မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူ ဒါဇင်ပေါင်းများစွာကို ရှာဖွေဖို့ ရှာဖွေရေးလုပ်ငန်းတွေပြန်လည်စတင်နေပါတယ်။
ဂျာဗားကျွန်း အနောက်ဘန်ဒေါင်းဒေသမှာ မြေပြိုမှုကြောင့် နေအိမ်တွေ မြေပိခဲ့ပြီး အနည်းဆုံး လူ ၁၁ ဦးထက်မနည်း သေဆုံးကာ ၈၀ ခန့် ပျောက်ဆုံးနေပါတယ်။ ရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
ရာသီဥတုဆိုးရွားတာကြောင့် ညပိုင်းမှာ ရပ်နားထားခဲ့ရတဲ့ ရှာဖွေရေးလုပ်ငန်းတွေကို တနင်္ဂနွေနေ့ ဇန်နဝါရီ ၂၅ နေ့ မနက်မှာပြန်လည်စတင်ခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် စနေနေ့မနက်အစောပိုင်းမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး အနောက်ဘန်ဒေါင်းဒေသက ကျေးရွာတွေနဲ့ လူနေရပ်ကွက်တွေကို မြေစာတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။
ပျောက်ဆုံးနေသူ အများအပြားဟာ ရွှံ့နွံတွေ၊ ကျောက်တုံးတွေနဲ့ အမြစ်ကကျွတ်ထွက်လာတဲ့ သစ်ပင်တွေအောက်မှာ ပိတ်မိနေမှာကို စိုးရိမ်နေကြပါတယ်။
မြေပြိုတဲ့နေရာအနီးမှာ နေထိုင်သူ ၂၃၀ ခန့်ကိုတော့ အစိုးရက ဖွင့်လှစ်ထားတဲ့ ယာယီခိုလှုံရာစခန်းတွေကို ပြောင်းရွှေ့ပေးထားပါတယ်။
တနင်္ဂနွေနေ့မနက်ပိုင်းမှာ ရုပ်အလောင်း နှစ်လောင်း ထပ်မံတွေ့ရှိခဲ့တာကြောင့် သေဆုံးသူအရေအတွက် ၁၁ ဦးအထိ ရှိလာပြီလို့ရှာဖွေကယ်ဆယ်ရေးရုံးက အာဒီ ဒီယန် ပါမာနာက ပြောပါတယ်။
နိုင်ငံတော် ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ (Basarnas) က စနေနေ့မှာ ထုတ်ပြန်တဲ့ ဗီဒီယိုတွေအရ ကယ်ဆယ်ရေးသမားတွေဟာလယ်ယာသုံးပစ္စည်းတွေနဲ့ လက်ဗလာကို သုံးပြီး ရွှံ့တွေပေကျံနေတဲ့ ရုပ်အလောင်းတခုကို မြေကြီးထဲက ဆွဲထုတ်နေတာ တွေ့ရပါတယ်။
အဲဒီနောက် မြှုပ်နှံဖို့အတွက် လိမ္မော်ရောင် အလောင်းတင်အိတ်ထဲ ထည့်ခဲ့ကြပါတယ်။ မြေသားက အရမ်းပျော့ပြီး မတည်ငြိမ်သေးတာကြောင့် စက်ယန္တရားကြီးတွေနဲ့ မြေတူးစက်တွေဟာ အသုံးမပြုနိုင်ဘဲ အများစု ရပ်နားထားရပါတယ်။
“တောင်စောင်းက မြေသားတွေ မတည်ငြိမ်သေးဘူးဆိုရင်တော့ ကယ်ဆယ်ရေးအဖွဲ့တွေက လက်နဲ့ပဲ ဆက်တူးဖို့ ပြင်ဆင်ထားပါတယ်။ မြေပုံတွေရဲ့ အမြင့်က ငါးမီတာ (၁၆ ပေခွဲခန့်) အထိ ရှိနိုင်တယ်” လို့ ပါမာနာက ဆိုပါတယ်။
“တချို့အိမ်တွေဆိုရင် ခေါင်မိုးအထိ မြေမြုပ်သွားတာ” လို့ သူက ထပ်ပြောပါတယ်။
တနင်္ဂနွေနေ့မှာ အခင်းဖြစ်နေရာကို လာရောက်ကြည့်ရှုတဲ့ အင်ဒိုနီးရှား ဒုတိယသမ္မတ ဂီဘရန် ရာကာဘူမင်း ရာကာက အခုလိုဘေးအန္တရာယ်မျိုး နောက်ထပ်မဖြစ်အောင် အာဏာပိုင်တွေဘက်က လုပ်ဆောင်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။
အနောက်ဂျာဗားနဲ့ အနောက်ဘန်ဒေါင်းက ဒေသန္တရအာဏာပိုင်တွေအနေနဲ့ “ဘေးအန္တရာယ်ဖြစ်လွယ်တဲ့ နေရာတွေမှာ မြေယာအသုံးချမှု ပြောင်းလဲတာတွေကို ဖြေရှင်းဖို့” နဲ့ ဘေးအန္တရာယ် လျှော့ချရေးနည်းလမ်းတွေကို လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒုတိယသမ္မတနဲ့အတူ ပျက်စီးသွားတဲ့ ပါဆီလန်ဂူကျေးရွာကို သွားရောက်ခဲ့တဲ့ Basarnas အကြီးအကဲ မိုဟာမက် ရှာဖီအီကတော့မြေပြင်အခြေအနေနဲ့ ရာသီဥတုဆိုးရွားမှုတွေကြောင့် တနင်္ဂနွေနေ့ ရှာဖွေရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိနေဆဲပဲလို့သတင်းထောက်တွေကို အတည်ပြုပါတယ်။
“ကျွန်တော်တို့က ရာသီဥတုအပေါ်မှာပဲ မူတည်နေရတာပါ။ မြေပြိုထားတဲ့နေရာက ရွှံ့တွေက စီးကျနေတုန်းပဲ၊ မတည်ငြိမ်သေးဘူး” လို့ ရှာဖီအီက ပြောပါတယ်။
“ဧရိယာက တော်တော်ကျယ်တော့ ဒရုန်းတွေ၊ ရှာဖွေရေးခွေးတွေနဲ့ မြေပြင်တပ်ဖွဲ့တွေ အပါအဝင် ရှိတဲ့အင်အား အကုန်သုံးသွားမှာပါ။ ဒါပေမဲ့ ဘေးကင်းလုံခြုံရေးကတော့ ပထမဆုံးပဲ” လို့ သူက ဆိုပါတယ်။
အင်ဒိုနီးရှားကျွန်းစုနိုင်ငံမှာ အောက်တိုဘာလကနေ မတ်လအထိ မိုးရာသီအတွင်း ရေကြီးတာနဲ့ မြေပြိုတာတွေက ဖြစ်လေ့ရှိပါတယ်။
အစိုးရရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း အင်ဒိုနီးရှားနိုင်ငံရဲ့ ဆူမားတြားကျွန်းမှာ အပူပိုင်းမုန်တိုင်းနဲ့ မုတ်သုံမိုးသည်းထန်တာကြောင့် ရေကြီးမြေပြိုမှုတွေဖြစ်ခဲ့ပြီး လူပေါင်း ၁,၂၀၀ ခန့် သေဆုံးကာ ၂၄၀,၀၀၀ ကျော်အိုးအိမ်စွန့်ခွာခဲ့ရပါသေးတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေ၊ ကျွမ်းကျင်သူတွေနဲ့ အစိုးရကတော့ အခုလို ကျေးရွာတွေထဲ ရွှံ့နွံတွေ စီးကျလာပြီး ရေကြီးမြေပြိုရတာဟာ သစ်တောပြုန်းတီးမှုကြောင့်လည်း ပါဝင်တယ်လို့ ထောက်ပြကြပါတယ်။
ဆူမားတြားကျွန်း ရေကြီးမှုနဲ့ ပတ်သက်ပြီးတော့လည်း အစိုးရက ကုမ္ပဏီခြောက်ခုကို တရားစွဲဆိုထားပြီး နစ်နာကြေး အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် တောင်းဆိုထားပါတယ်။
ဒီလထဲမှာပဲ အင်ဒိုနီးရှားရဲ့ စီအောကျွန်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။
Ref – CNA