
ဂမ်ဘီယာဘက်က စွပ်စွဲသလို လူမျိုးတုံးသတ်ဖြတ်ဖို့ စနစ်တကျ စီမံထားတာ မဟုတ်ဘဲ တိုက်ပွဲတွေအတွင်း အရပ်သားနဲ့အကြမ်းဖက်သမားကို မခွဲခြားနိုင်ခဲ့တဲ့ အမှားမျိုးတွေပဲ ရှိနိုင်တယ်လို့ သူက ဝန်ခံခဲ့ပေမယ့် ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
၂၀၊ ဇန်နဝါရီ။
နိုင်ငံတကာတရားရုံး (ICJ) မှာ ဇန်နဝါရီ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ရိုဟင်ဂျာအရေး ကြားနာပွဲမှာ မြန်မာနိုင်ငံဘက်က ရှေ့နေ ဆမ်လွန်ကူးပါးက ဂမ်ဘီယာဘက်က တင်ပြထားတဲ့ သက်သေထွက်ဆိုချက်တွေဟာ အမှန်တရားကို တမင်တကာ ဖုံးကွယ်ထားတဲ့လိမ်လည်မှုတွေသာ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။
အထူးသဖြင့် ဂမ်ဘီယာဘက်က အဓိက စွပ်စွဲထားတဲ့ မင်းကြီး၊ ချွတ်ပြင်နဲ့ မောင်နု ကျေးရွာဖြစ်စဉ်တွေမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ကျယ်ပြန့်တဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့တာကို သက်သေတွေက နှုတ်ပိတ်နေကြတာဟာ ထူးခြားတဲ့ အားနည်းချက်တခု ဖြစ်တယ်လို့ သူက ထောက်ပြသွားပါတယ်။
ရှေ့နေ ကူးပါးရဲ့ အဆိုအရ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ မျက်မြင်သက်သေဆိုသူတွေဟာ စခန်းတွေထဲမှာ ရှိနေသေးတဲ့ ARSA အဖွဲ့ဝင်တွေကို ကြောက်ရွံ့နေရတာကြောင့်ဖြစ်စေ၊ အဖွဲ့အစည်းတွေရဲ့ ကြိုတင်စီစဉ်ညွှန်ကြားမှုကြောင့်ဖြစ်စေ အမှန်အတိုင်း မပြောကြတာလို့ ဆိုပါတယ်။
ဒီအချက်ကို သက်သေပြဖို့အတွက် မင်းကြီးရွာရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း သက်သေ P1299 (အမည်ဝှက်ကုတ်) ရဲ့ ထွက်ဆိုချက်ကိုသူက နမူနာပြခဲ့ပါတယ်။
အဆိုပါ သက်သေဟာ ဂမ်ဘီယာရဲ့ အစောပိုင်း မှတ်တမ်းတွေမှာ ARSA အကြောင်း ဘာမှမသိဘူးလို့ ငြင်းဆိုခဲ့ပေမယ့်နောက်ပိုင်းမှာတော့ သူဟာ ARSA အဖွဲ့ဝင်တွေကို ကြောက်လို့ လိမ်ခဲ့ရတာဖြစ်ကြောင်း၊ အဲဒီအဖွဲ့ဝင်တွေဟာ ဒုက္ခသည်စခန်းတွေထဲမှာ အခုထိ ရှိနေသေးကြောင်း ဝန်ခံခဲ့တာကို ကူးပါးက တရားရုံးတော်ရှေ့မှာ ဖော်ထုတ်ပြခဲ့တာပါ။
ဒါ့အပြင် ၂၀၁၇ ခုနှစ်အတွင်းက စစ်ဆင်ရေးတွေဟာ ARSA ရဲ့ အပြင်းအထန် တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့အတွက် မဖြစ်မနေလုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ပြီးဆုံးခဲ့တဲ့ အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းစဉ်တွေသာ ဖြစ်တယ်လို့ မြန်မာ့ရှေ့နေက အခိုင်အမာ ပြောဆိုသွားပါတယ်။
ဂမ်ဘီယာဘက်က စွပ်စွဲသလို လူမျိုးတုံးသတ်ဖြတ်ဖို့ စနစ်တကျ စီမံထားတာ မဟုတ်ဘဲ တိုက်ပွဲတွေအတွင်း အရပ်သားနဲ့အကြမ်းဖက်သမားကို မခွဲခြားနိုင်ခဲ့တဲ့ အမှားမျိုးတွေပဲ ရှိနိုင်တယ်လို့ သူက ဝန်ခံခဲ့ပေမယ့် ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့လည်း ဂမ်ဘီယာရဲ့ ကိန်းဂဏန်းတွေဟာ အတည်မပြုနိုင်တဲ့ သတင်းမြစ်တခုတည်းကလာတာဖြစ်ပြီး အချက်အလက် ခိုင်လုံမှု မရှိဘူးလို့ ရှေ့နေ ဆမ်လွန်ကူးပါးက လျှောက်လဲသွားခဲ့ပါတယ်။
ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေအတွင်း ကျူးလွန်ခဲ့ဆိုတဲ့ လုပ်ရပ်တွေက တဆင့် မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာသဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲကာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ဂမ်ဘီယာနိုင်ငံက စတင်တရားစွဲဆိုခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုများအရ ၂၀၁၇ ခုနှစ်မှာ အဆိုပါစစ်ဆင်ရေးတွေ အရှိန်မြင့်လာခဲ့ပြီး သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကျေးရွာတွေ မီးရှို့ခံရမှုတွေအကြား ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဆီ ထွက်ပြေးခဲ့ရပါတယ်။ လက်ရှိမှာ ရိုဟင်ဂျာ တသန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်တွေအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။