ရွေးကောက်ပွဲ မဲပေးဖို့ ပြန်လာတဲ့ ကျုံပျော်သူတစ်ဦး ပျောက်ဆုံးနေ

“ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တောချောင်းကျေးရွာအုပ်စု၊ မရမ်းရိုးကျေးရွာတွင် နေထိုင်သော အမိဒေါ်ဖန်းလာ ၊အဖဦးစိန်မြင့်တို့၏ သမီးနန့်ခိုင်ဇင်ဦးသည် ၂၇.၁၂.၂၀၂၅ စနေနေ့တွင် ဆန္ဒမဲပြန်ထည့်ရန် ရန်ကုန်တိုင်းဒေသကြီး ၊တောင်ဒဂုံမှာပြန်လာနေစဥ် အိမ်သို့ပြန်မရောက်ရှိဘဲ လမ်းခုလတ်တွင် ပျောက်ဆုံးသွားပါသောကြောင့် မိဘနှစ်ပါးမှာ စိုးရိမ်နေ ကြပါသည်။

၁၉၊ ဇန်နဝါရီလ။

ရွေးကောက်ပွဲ ပထမပိုင်းမှာ မဲပေးနိုင်ဖို့အတွက် ရန်ကုန်ကနေ ဧရာဝတီတိုင်း၊ ကျုံပျော်ကို ပြန်လာတဲ့ နန့်ခိုင်ဇင်ဦး ဟာ ပြန်လာတဲ့နေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က စပြီး ပျောက်ဆုံးသွားခဲ့တာ ဒီကနေ့အထိ အဆက်သွယ်မ ရရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

“စပျောက်သွားတဲ့ နေ့ကတည်းက ပို့စ်တွေတင်ပြီးရှာနေတာပါ။ ခုထိအဆက်သွယ်မရသေးဘူး။ အလိမ်တွေလားတော့ မသိဘူး ရှမ်းပြည်က ဗိုလ်ကြီးဆိုပြီး ဖုန်းဆက်လာတာ ရှိပေမယ့်လည်း ဘာမှမထူးဘူး ” လို့ မိသားစုဝင် တဦးက ငိုရင်းနဲ့ ပြောပြပါတယ်။

သူက အသက် ၂၀ အရွယ် နန့်ခိုင်ဇင်ဦး ပျောက်ဆုံးသွားတာဟာ ရက်ပေါင်း ၂၀ ကျော်နေပြီဖြစ်ပြီးမဲ စာရင်းပါလို့ မဲပေးဖို့ပြန်လာတာသာဖြစ်ပြီး အခုလို ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရတာပါ။

ဧရာဝတီတိုင်းနဲ့ ပတ်သက်တဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ “ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တောချောင်းကျေးရွာအုပ်စု၊ မရမ်းရိုးကျေးရွာတွင် နေထိုင်သော အမိဒေါ်ဖန်းလာ ၊အဖဦးစိန်မြင့်တို့၏ သမီးနန့်ခိုင်ဇင်ဦးသည် ၂၇.၁၂.၂၀၂၅ စနေနေ့တွင် ဆန္ဒမဲပြန်ထည့်ရန် ရန်ကုန်တိုင်းဒေသကြီး ၊တောင်ဒဂုံမှာပြန်လာနေစဥ် အိမ်သို့ပြန်မရောက်ရှိဘဲ လမ်းခုလတ်တွင် ပျောက်ဆုံးသွားပါသောကြောင့် မိဘနှစ်ပါးမှာ စိုးရိမ်နေ ကြပါသည်။အမိ ဒေါ်ဖန်းလာမှာလည်း သမီးဇောကြောင့် ဝေဒနာခံစားရရင်း အိပ်ရာထဲ လှဲနေရပါသည်” ဆိုတဲ့ ပို့စ်ကို ဖြန့်ဝေထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာကနေ ရန်ကုန်မှာရှိနေတဲ့ အွန်လိုင်းက သိတဲ့ ချစ်သူကောင်မလေးထံ သွားရောက်ခဲ့တဲ့ အသက် ၁၈ နှစ်ဝန်းကျင် ကောင်လေးနှစ်ဦးလည်း ပျောက်ဆုံးသွားခဲ့ပြီး ယခုအချိန်ထိ မိသားစုနဲ့ အဆက်သွယ် မရရှိသေးပါဘူး။

ဒီဇင်ဘာ ၁၈ ရက်နေ့တုန်းကလည်း အွန်လိုင်းဂိမ်းဆော့ရာကနေ ခင်မင်ရင်းနှီးသူတဦးက အလုပ်ရမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကြောင့် ပုသိမ်မြို့နယ်တွင်းရှိ နေအိမ်ကနေ မိဘမသိအောင် ထွက်သွားခဲ့တဲ့ ဆယ်ကျော်သက် တဦးကို နေပြည်တော်မှာ ပြန်ရှာတွေ့ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။

#ရွေးကောက်ပွဲ #မဲပေးဖို့ #ပြန်လာ #ကျုံပျော်သူ #ပျောက်ဆုံးနေ #DeltaNewsAgency #DNA