ဂျာမန်ဘဏ်တခုရဲ့ ငွေတိုက်ခန်းဖောက်ထွင်းခံရပြီး ယူရိုသန်းချီ ခိုးယူခံရ

ဂျာမနီမှာ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းကစပြီး ခရစ္စမတ်ကာလ ပိတ်ရက်တွေဖြစ်လို့ ဆိုင်တွေ၊ ဘဏ်တွေ အကုန်ပိတ်ထားတာပါ။ ဒီဇင်ဘာ ၂၉ ရက် တနင်္လာနေ့ မနက်အစောပိုင်းမှာ မီးလောင်မှု အချက်ပေးသံ မြည်လာမှ ရဲတွေရောက်လာပြီး နံရံက အပေါက်ကြီးကို သတိထားမိလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

၃၁၊ ဒီဇင်ဘာ။

ဂျာမနီက ဘဏ်တခုမှာ သူခိုးတွေက တိတ်ဆိတ်နေတဲ့ ခရစ္စမတ်ကာလကို အခွင့်ကောင်းယူပြီး ငွေတိုက်ခန်းထဲကို ဖောက်ထွင်းဝင်ရောက်ကာ လုံခြုံရေးသေတ္တာတွေထဲကနေ အနည်းဆုံး ယူရို ၁၀ သန်းဖိုးလောက်ရှိတဲ့ ငွေတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးသွားတယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၀ရက်နေ့မှာ ပြောပါတယ်။

ဂျာမနီအနောက်ပိုင်း ဂယ်ဆန်ကေချန်မြို့က Sparkasse ဘဏ်ခွဲတခုမှာ သူခိုးတွေက ထူထဲလှတဲ့ ကွန်ကရစ်နံရံကို အပေါက်ဖောက်ပြီး ဝင်ခဲ့တာပါ။ အဲဒီနောက် လုံခြုံရေးသေတ္တာပေါင်း ထောင်နဲ့ချီကို ဖောက်ထွင်းပြီး ခိုးယူသွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဂျာမနီမှာ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းကစပြီး ခရစ္စမတ်ကာလ ပိတ်ရက်တွေဖြစ်လို့ ဆိုင်တွေ၊ ဘဏ်တွေ အကုန်ပိတ်ထားတာပါ။ ဒီဇင်ဘာ ၂၉ ရက် တနင်္လာနေ့ မနက်အစောပိုင်းမှာ မီးလောင်မှု အချက်ပေးသံ မြည်လာမှ ရဲတွေရောက်လာပြီး နံရံက အပေါက်ကြီးကို သတိထားမိလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့မှာတော့ ဒေါသထွက်နေတဲ့ ဘဏ်ရဲ့ ဖောက်သည် ဒါဇင်နဲ့ချီဟာ ဘဏ်ရှေ့မှာ စုရုံးပြီး သူတို့ကို အထဲပေးဝင်ပါဆိုပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။

“မနေ့ညက တညလုံး အိပ်လို့မရဘူးဗျာ၊ ဘာသတင်းမှလည်း မသိရသေးဘူး” လို့ ဘဏ်ရှေ့မှာ စောင့်နေတဲ့ အမျိုးသားတဦးက Welt ရုပ်သံကို ပြောပါတယ်။ သူဟာ ဒီလုံခြုံရေးသေတ္တာကို သုံးလာတာ ၂၅ နှစ်ရှိပြီဖြစ်ပြီး အဲဒီထဲမှာ သူ့ရဲ့ အသက်ကြီးရင်သုံးဖို့ စုဆောင်းထားတဲ့ အိုစာမင်းစာ ငွေတွေ အကုန်ရှိနေတာလို့လည်း ဆိုပါတယ်။

နောက်ထပ် အမျိုးသားတဦးကလည်း သူ့မိသားစုအတွက် ငွေတွေနဲ့ လက်ဝတ်ရတနာတွေကို ဒီသေတ္တာထဲမှာပဲ ထည့်သိမ်းထားတာလို့ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဂယ်ဆန်ကေချန်က Sparkasse ဘဏ်ရဲ့ ပြောရေးဆိုခွင့်ရှိသူဆီကို ဆက်သွယ်ခဲ့ပေမဲ့ ချက်ချင်း ပြန်လည်ဖြေကြားတာမျိုး မရှိသေးပါဘူး။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ စနေနေ့ညပိုင်းက ဘဏ်ဘေးက ကားပါကင်အဆောက်အအုံ လှေကားတလျှောက်မှာ အိတ်အကြီးကြီးတွေ သယ်လာတဲ့ အမျိုးသားတချို့ကို မြင်ခဲ့တယ်လို့ သက်သေတွေက ပြောထားပါတယ်။

တနင်္လာနေ့မနက် အစောပိုင်းမှာလည်း မျက်နှာဖုံးစွပ်ထားတဲ့ လူတွေပါတဲ့ အနက်ရောင် Audi RS 6 ကားတစီးဟာ အဆိုပါ ကားဂိုဒေါင်ကနေ ထွက်သွားတာကို တွေ့ခဲ့ရပါတယ်။ ကားရဲ့ နံပါတ်ပြားဟာ ဂယ်ဆန်ကေချန်ကနေ ကီလိုမီတာ ၂၀၀ ကျော်ဝေးတဲ့ ဟန်နိုဗာမြို့မှာ အခိုးခံထားရတဲ့ ကားတစီးရဲ့ နံပါတ်ပြားဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အသိပေးထားပါတယ်။

Ref – Reuters